ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ  စာဖြေဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

ပြည်ကြီးတံခွန်  ဖေဖော်ဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်စာမေးပွဲ စာဖြေဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် ယနေ့နံနက် (၉)နာရီအချိန်က ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဆောင်ရွက်ရာတွင် မြို့နယ်ဒုတိယမီးသတ်ဦးစီးမှူး ဦးကျော်မျိုးသန်းဦးဆောင်သော တပ်ဖွဲ့ဝင်(၅)ဦးတို့က  ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် အခြေခံပညာ အထက်တန်းကျောင်းရှိ စာသင်ခန်းများအတွင်း လျှပ်စစ်မိန်းခုံများ၊ မီးသီးများနှင့်လျှပ်စစ်မီးကြိုများ ကောင်းမွန်ခြင်းရှိမရှိ၊  အရေးပေါ်မီးငြှိမ်းသတ်ရာတွင် မီးသတ်ဆေးဘူးများ အသင့်အနေအထားအသုံးပြု၍ ရ/မရ၊ ကျောင်းဝင်းထဲရှိ မီးလောင်စေသော လောင်စာများမရှိအောင် သန့်ရှင်းဆောင်ရွက် ထားမှုရှိ/မရှိနှင့် ရေလှောင်ကန်များတွင် ရေဖြည့်တင်း ဆောင်ရွက်ထားမှု ရှိ/မရှိစသည့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကိုလည်း ယင်းအထက်တန်းကျောင်းရှိ ကျောင်းအုပ်ဆရာ/မကြီးများကို အကြံပြုဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)