မြစ်သားမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာနမှ အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်

မြစ်သား ဖေဖော်ဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ရပ်ကွက်ကြီးများသို့ ယမန်နေ့ညပိုင်း (၆)နာရီခွဲအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင် ကာကွယ်တားဆီးရေးအတွက် သတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့ပေါ် (၆) ရပ်ကွက်များဖြစ်သည့် မြို့မအနောက်၊ မြို့မအရှေ့၊ ရွှေသူဌေး၊ ဘူတာ၊  မင်းကုန်းနှင့် ရှမ်းပွဲရပ်ကွက်များသို့  မီးကြွင်း၊ မီးကျန်များငြှိမ်းသတ်ရန်၊ ဘုရားမီးပူဇော်ပါက စနစ်တကျ ပူဇော်ကြရန်၊ လူနေအိမ်များအတွင်း လောင်စာဆီများ သိုလှောင်ခြင်းမပြုကြရန်၊ ဟောင်းနွမ်းပျက်စီးနေသော လျှပ်စစ်မီးကြိုးနှင့် ပစ္စည်းများအသုံး မပြုရန်၊ အုတ်ကန်ရေကန်များ ရေဖြည့်ထည့်ထားရန်၊ မီးချိတ်၊ မီးကပ်၊ သဲ၊ ရေပုံးများ၊ မီးသတ်ဆေးဘူးများ အသင့်ထားရှိရန် မီးဘေးအန္တရာယ် ဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ အချိန်မီ ဆက်သွယ်သတင်းပို့ကြရန်တို့ကို အသံချဲ့စက်ဖြင့် သတိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေးနိူးဆော်ရာ၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော် ဦးစီး၍ သန္ဓေတပ်ဖွဲ့ဝင် (၄) ဦးနှင့် မြစ်သားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင် (၂)ဦးတို့ဖြင့် မီးဘေးကြိုတင်လိုက်လံသတိပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)