သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပ

သံတောင်ကြီး ဖေဖော်ဝါရီ ၂၇

ကရင်ပြည်နယ်သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်းအကျိုးကျေးဇူး သိရှိစေရန် ရည်ရွယ်၍ Book Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာ ဖေမြင့်၏ “စဉ်းစားခြင်း” စာအုပ်အား ယမန်နေ့ နေ့လယ်(၂)နာရီ အချိန်က Community Centre ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ နော်လော်မူက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားပြီးနောက် (Book Club)အဖွဲ့ဝင်က  စာအုပ်ပါအကြောင်းအရာတွင် ခေါင်းစဉ်ငယ်ဖြစ်သည့် စဉ်းစားခြင်းဆိုတာ ဘာလဲ၊ အကျပ်အတည်းကြားမှာ စဉ်းစားကြံဆတတ်သူများ၊ အင်အားချိန်ခွင်လျှာကို ပြောင်းလဲပစ်ခြင်း၊ ဖော်ထွက်အတွေးတို့၏ သဘော စသည့် အကြောင်းအရာများအား စာဖတ်ဝိုင်း ဆွေးနွေးဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး (Youth  Club) အဖွဲ့ဝင်က စဉ်းစားစရာ ပြဿနာများ၊ ဘယ်သူရိုးဖြောင့်မှန်ကန်သလဲ၊ ကြက်ဥနှင့်ကြက်မဘယ်သူအရင်စ၊ ရွေးချယ်စရာများလွန်းသသည့်အခါ စသည့် အကြောင်းအရာများကို ဖတ်ကြားဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် Book  Club/Youth Club အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာရေးဆရာဖေမြင့်၏ စဉ်းစားခြင်းစာအုပ်ကို ဖတ်ရှုခြင်းဖြင့် ပြဿနာအရပ်ရပ်နှင့် ကြုံတွေလာပါက ဦးနှောက်ဖြင့် သေချာစဉ်းစားမှန်ကန်စွာ ဖြေရှင်းတတ်လာခြင်း၊ အကောင်းအဆိုး အမှားအမှန်ကို စဉ်းစားတွေးခေါ်တတ်လာခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေကြောင်း သိရသည်။

နော်နော်မူ (ပြန်/ဆက်)