ညောင်ကွဲရပ်ကွက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ရပ်ကွက်အတွင်း မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

အောင်မြေသာစံ ဖေဖော်ဝါရီ ၂၇

မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မြို့နယ်ရန်မီးသတ်တပ်ဖွဲ့၊ တပ်ခွဲ(၃)တပ်ခွဲမှူး မောင်မောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ညောင်ကွဲရပ်ကွက်အရန်မီးသတ်တပ်ဖွဲ့မှ တပ်စုမှူး တင်မောင်ဆန်းနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက ရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း စစ်ဆေးကြကြောင်း သိရသည်။

ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သဖြင့် အရန်မီးသတ်တပ်ဖွဲ့မှ တပ်စုမှူး တင်မောင်ဆန်းနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် ညောင်ကွဲရပ်ကွက်၊ အကွက်(၅-အရှေ့)ရှိ အိမ်ခြေ ၁၇၂ လုံး၊ အိမ်ထောင်စု ၃၄၅ စု၊ လူဦးရေ ၇၈၁ ဦးတို့အား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများအနေဖြင့် မီးကိုစနစ်တကျ သုံးစွဲခြင်း ရှိ/မရှိ၊ အရေးပေါ်မီးငြှိမ်းသတ်ကိရိယာများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ သဲ၊ ရေ၊ လှေကားများ ဆောင်ရွက်ထားရှိခြင်းရှိ/မရှိနှင့် မီးသတ်ဆေးဘူးများ အလွယ်တကူ အသုံးပြုနိုင်ရန် တပ်ဆင်ထားခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ ပတ်ဝန်းကျင်မီးဘေးအန္တရာယ် စိုးရိမ်ရမှုရှိ/မရှိ စစ်ဆေးခြင်းများကို တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးကာ လိုအပ်ချက်ရှိသည့် အိမ်ထောင်စုများအား အသိ ပညာပေးခြင်း၊ အကြံပြုဆွေးနွေးခြင်းနှင့် သတိပေးခြင်းများ ဆောင်ရွက်ကြပြီး မီးလောင်မှု ဖြစ်ပွားပေါ်ပေါက်ပါက ရေလုံလောက်စွာ ရရှိရေးအတွက် ရေလှောင်ကန်များနှင့် သဘာဝရေကန်များမှ အရေးပေါ် ရေရယူသုံးစွဲနိုင်ရေးတို့ကို ဆောင်ရွက်ကြကြောင်း သတင်းရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)