အောင်မြေသာစံ ဖေဖော်ဝါရီ ၂၇
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးဇော်မျိုးထက်၊ ဒုတိယဦးစီးမှူး ဦးဇေကိုကိုပိုင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၏ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကင်းဝေးစေရေး ဆောင်ရွက်ထားမှုများကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။
ထိုသို့ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးအရာရှိနှင့်အဖွဲ့သည် ပြည်ကြီးကျက်သရေအရှေ့ရပ်ကွက်ရှိ အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်းနှင့် ပြည်ကြီးကျက်သရေအနောက်ရပ်ကွက်ရှိ အမှတ်(၈)အခြေခံပညာအထက်တန်းကျောင်းတို့အား ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးလောင်မှု၊ မီးလန့်မှုများ လျော့နည်းကျဆင်းစေရေးအတွက် ကွင်းဆင်းစစ်ဆေးကြပြီး မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် မီးဘေးလုံခြုံရေး စစ်ဆေးအကြံပေးခြင်း၊ မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများ အသင့်အသုံးပြုနိုင်သည့် အနေအထား ရှိ/မရှိစစ်ဆေးခြင်း၊ လျှပ်စစ်ဝါယာကြိုးများ ဆွေးမြေ့မှု ရှိ/မရှိ စစ်ဆေးခြင်း၊ ဆရာ/ဆရာမများ မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများ စနစ်တကျ ကိုင်တွယ်အသုံးပြုတက်စေရေး အသိပညာပေးခြင်း၊ မီးချိတ်/ မီးကပ်/ သဲ/ ရေပုံးများ အဆင်သင့် ထားရှိစေရေး စသည့် လုပ်ငန်းများအား စစ်ဆေးခြင်း၊ အကြံပြုခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)