မိတ္ထီလာမြို့နယ် တောမကျေးရွာနှင့် ညောင်ကားယား+မင်းတဲကုန်း ကျေးရွာများ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် စိုက်ပျိုးရေးဆောင်ရွက်ထားရှိမှုအခြေအနေများ ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ ဖေဖော်ဝါရီ ၂၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တောမကျေးရွာအုပ်စု၊ တောမကျေးရွာနှင့် ကဖြူကျေးရွာအုပ်စု ညောင်ကားယား+ မင်းတဲကုန်းကျေးရွာများ၌ မြစိမ်းရောင်စီမံကိန်းလည်ပတ်ရန်ပုံငွေများဖြင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ အောင်မြင်စွာ ဖြစ်ထွန်းနေမှု အခြေအနေများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အဆိုပါကျေးရွာများ၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မိတ္ထီလာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် တာဝန်ရှိသူများသည် တောမကျေးရွာနှင့် ညောင်ကားယား+မင်းတဲကုန်း ကျေးရွာရှိ မြစိမ်းရောင်အသင်းသူအသင်းသားများက စီမံကိန်းလည်ပတ်ရန်ပုံငွေများဖြင့် မိသားစုဝင်ငွေတိုး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အရောင်းအဝယ်လုပ်ငန်းများ၏ အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာရှိစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များနှင့်တွေ့ဆုံကာ ဖြည့်သွင်းရမည့် ငွေစာရင်းပုံစံများ ပြည့်စုံမှန်ကန်မှုရှိမရှိ စစ်ဆေးပြီးမြို့နယ် ဦးစီးမှုက ကျေးရွာတင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ တောမကျေးရွာနှင့် ညောင်ကားယား+မင်းတဲကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေကျပ်သိန်းသုံးရာဖြင့် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ တောမကျေးရွာတွင် အသင်းသား ၁၀၈ ဦးမှ ဝင်ငွေတိုးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် စီမံကိန်းရန်ပုံငွေကျပ် ၃၂၀.၅ သိန်းအား အတိုးနှုန်းသက်သာစွာဖြင့် ဒုတိယအကြိမ်မြောက်၊ ညောင်ကားယား+မင်းတဲကုန်းကျေးရွာတွင် အသင်းသား ၁၄၃ ဦး ဝင်ငွေတိုးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရန်အတွက် စီမံကိန်းရန်ပုံငွေကျပ် ၆၂၈ သိန်းအား အတိုးနှုန်းသက်သာစွာဖြင့် ဒသမအကြိမ်မြောက်၊ ချေးထားနိုင်ခဲ့ပြီး စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)