လိပ်သို ဖေဖော်ဝါရီ ၂၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ နှစ်ရှည်ပင်ဖြစ်သော Robusta ကော်ဖီပင်များကို စီးပွားဖြစ်စိုက်ပျိုးထားကြရာ ကော်ဖီသီးများ တွင်ကျယ်စွာ ခူးယူရောင်းဝယ်ချိန်တွင် ကော်ဖီစေ့များ ဈေးကောင်းရလျက်ရှိနေကြောင်း သိရသည်။
ဒေသတွင်း၌ ကော်ဖီသီးများကို ကြိတ်ခွဲထုတ်လုပ်ရာတွင် ကော်ဖီအစိမ်းသီးများအား ရေစိမ်၍ ရေပေါ်သီးများအား ဖယ်ထုတ်ကာ ရေအောက်မြုပ်နေသည့် ကော်ဖီသီးများကို ပြုတ်ပြီး ထောင်း၍ အခြောက်လှန်းကာ အခွံချွတ်ရသော အိမ်လုပ်ကော်ဖီစေ့ အစိုနည်းဖြင့်လည်းကောင်း၊ ကော်ဖီသီးအခြောက်များကို အခွံချွတ်ပြီး စက်များဖြင့် ကြိတ်ယူသည့် အခြောက်နည်းဖြင့်လည်းကောင်း၊ ကြိတ်ခွဲပြီး ကော်ဖီစေ့များ ထုတ်လုပ်ကြကြောင်း ကော်ဖီစေ့ ကြိတ်ခွဲ ထုတ်လုပ်သူ ဒေသခံတစ်ဦးထံမှ သိရသည်။
လိပ်သိုမြို့ပေါ်၌ ကော်ဖီစေ့ တစ်ပိဿာလျှင် (၃၅၀၀ဝိ/-) ကျပ်မှ (၄၀၀၀ဝိ/-) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိနေပြီး ယမန်နှစ်ကထက် ဈေးနှုန်းပိုမိုမြင့်တက်ရရှိနေသဖြင့် ကော်ဖီစိုက် တောင်သူများက မိမိတို့၏ ကော်ဖီခြံများကို ပေါင်းမြက်ခုတ်ထွင်ရှင်းလင်းခြင်း၊ အပင်ပြုပြင်ခြင်းနှင့် လာမည့် မိုးရာသီကာလတွင် ကော်ဖီပျိုးပင်များ တိုးချဲ့စိုက်ပျိုးရန် ပြင်ဆင်ခြင်းတို့ကို လုပ်ဆောင်လျက်ရှိနေကြကြောင်း သိရသည်။
ခင်လေးနွယ် (ပြန်/ဆက်)