သံတောင်ကြီး ဖေဖော်ဝါရီ ၂၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ဒေသသည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံများအနေဖြင့် တောင်ယာလုပ်ငန်းနှင့် နှစ်ရှည်ဥယျာဉ်ခြံလုပ်ငန်းများကိုသာ အဓိက အားထားလုပ်ကိုင်အသက်မွေးကြရာ လိုင်ချီးပင်သည်လည်း ဒေသခံများ အားထားစိုက်ပျိုးရာ နှစ်ရှည်သီးနှံပင်တစ်မျိုးဖြစ်သည်။ ယခင်နှစ် လိုင်ချီးသီးများ အထွက်နှုန်းလျော့နည်းလျက်ရှိပြီး ယခုနှစ်တွင် လိုင်ချီးပင်များ လှိုင်လှိုင်ဖူးပွင့်လျက်ရှိရာ အသီးထွက်နှုန်းကောင်းမွန်ရေးကိုလည်း မျှော်လင့်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
သံတောင်ကြီးဒေသရှိ လိုင်ချီးပင်များကို မိမိတို့အိမ်ခြံဝင်း နေရာလွတ်များနှင့် ဥယျဉ်ခြံများတွင် စိုက်ပျိုးကြသည်။ ယခုနှစ်တွင် လိုင်ချီးပင်များ ဝေဝေဆာဆာ ဖူးပွင့်ချိန်တွင် အသီးတင်ပြီး အထွက်နှုန်းကောင်းမွန်စေရန် ဒေသခံများ မျှော်လင့်နေကြပြီး ယခင်နှစ်တွင် လိုင်ချီးသီး (၁၀၀)လုံးတစ်ထုပ်လျှင် ကျပ်(၅၀၀၀) ထိရရှိကာ ဈေးကောင်းရရှိသည့်အတွက်လိုင်ချီးပင်များကို ပြန်လည်ပြုပြင်ထိန်းသိမ်းလာကြသကဲ့သို့ ယခုနှစ်တွင် ပိုမိုတိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။
နော်နော်မူ (ပြန်/ဆက်)