ငါန်းဇွန် ဖေဖော်ဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့ လောကနတ်ခန်းမ၌ ယနေ့ နံနက် ၁၀ နာရီအချိန်က ဒေသအသီးသီးမှ ယာယီနေရပ်စွန့်ခွာပြီး ငါန်းဇွန်မြို့နယ်အတွင်း ရောက်ရှိနေသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် တစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀/-) နှုန်းစီ ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးမျိုးမင်းသိန်းက ယာယီနေရပ်စွန့်ခွာပြည်သူများအား ငွေကျပ် (၂၀၀၀၀/-)နှုန်းစီ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ယာယီနေရပ်စွန့်ခွာနေရသူ အိမ်ထောင်စု(၉၀)စု၊ လူဦးရေ (၃၈၆)ဦးတို့အား တစ်ဦးလျှင် ငွေကျပ် (၂၀၀၀၀/-) နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၇၇၂၀၀၀၀/-)အား မြို့နယ်ထောက်ပံ့ငွေဖြန့်ခွဲရေးအဖွဲ့ ဥက္က မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဗိုလ်ထံသို့ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မြို့နယ်ထောက်ပံ့ငွေဖြန့်ခွဲရေးအဖွဲ့ဥက္ကက ထောက်ပံ့ငွေ ဖြန့်ခွဲရေးကော်မတီအဖွဲ့ဝင်များဖြစ်သော ဌာနဆိုင်ရာအကြီးအကဲ (၄)ဦးထံသို့ ထောက်ပံ့ငွေများ လွှဲပြောင်းပေးအပ်ခဲ့ပြီး ထောက်ပံ့ ငွေဖြန့်ခွဲရေးအဖွဲ့ (၄)ဖွဲ့ဖြင့် လောကနတ်ခန်းမအတွင်းရှိ ငွေထုတ်ပေးရန် သတ်မှတ်နေရာအသီးသီးတွင် ယာယီနေရပ်စွန့်ခွာနေရသူ တစ်ဦးချင်းစီအား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများဖြင့် စိစစ်၍ ထောက်ပံ့ငွေများ စနစ်တကျ ထုတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ တက်ရောက်လာသည့် ယာယီနေရပ်စွန့်ခွာနေရသူ မိသားစုဝင်များအား မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးမိုးအောင်နှင့်အဖွဲ့က ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကုသပေးခြင်းများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သက်နောင်ဦး(ငါန်းဇွန်)