သာစည် ဖေဖော်ဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ် ဇေယျသုခရေလှူအသင်းကြီး၏ ဒသမအကြိမ်မြောက် နှစ်ပတ်လည်ငွေစာရင်း ရှင်းလင်းခြင်းနှင့် အထွေထွေလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက အမှတ်(၁) ငါးဆူတိုးချဲ့ရပ်ကွက်ရှိ ရေစက်ရုံခန်းမ၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။
အထွေထွေလုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က လမ်းညွှန်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ရေလှူအသင်းဥက္ကဋ္ဌ ဦးခင်မောင်စိုးက လုပ်ငန်းဆောင်ရွက်မှုများကိုလည်းကောင်း၊ ဘဏ္ဍာရေးမှူးက ၂၀၂၄ ခုနှစ် ငွေစာရင်းရှင်းတမ်းကိုလည်းကောင်း၊ အသင်းနာယက ဦးဟန်ခင်က ကိုးနှစ်ကျော်ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။ ဆက်လက်ပြီး ရာဂီမုန်တိုင်းဖြစ်စဉ်အတွင်း ပါဝင်ကူညီဆောင်ရွက်ခဲ့သည့် ဇေယျသုခလူငယ်များအား ဂုဏ်ပြုပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးတေဇာမြင့်တို့က အသင်းအတွက် အလှူငွေများ ပေးအပ်သည်။ ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် အလှူရှင်များက အသင်းလုပ်ငန်းများအား အကြံပြုဆွေနွေးကြပြီး အသင်းအတွင်းရေးမှူး ဦးမြင့်ဆွေက မော်တော်ယာဉ်ပြင်ဆင်ခြင်းများနှင့် ရေစတင်လှူဒါန်းနိုင်ရေး လုပ်ငန်းများအား တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရေလှူအသင်းကြီးကို ၂၀၁၆ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး နှစ်စဉ်ရေလှူဒါန်းခဲ့ရာ ၂၀၂၄ ခုနှစ်အထိ ရေဂါလံပေါင်း ၁၈၈၇၃၀၈ နှင့် ရေသန့် ၁၁၀၈၀၀ လီတာလှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)