ပြင်ဦးလွင် ဖေဖော်ဝါရီ ၂၇
ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန၏ လမ်းညွှန်ချက်အရ တိုင်းဒေသကြီး ကုသရေးဦးစီးဌာနနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့၏ ပံ့ပိုးကူညီမှုဖြင့် ပြင်ဦးလွင်မြို့၊ ခုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ပါဝင်သောအဖွဲ့သည် ဖေဖော်ဝါရီလ (၂၅ ) ရက်နေ့ နံနက်(၈) နာရီမှ စတင်ပြီး ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၂၁) မိုးကြိုးရှိ ဇေယျာသီရိခန်းမ၌ ကျေးလက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ်အနက် လူမှုရေးဦးတည်ချက် တစ်ရပ်ဖြစ်သည့် “တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်ရေး” ဟူသောအချက်နှင့်အညီ ကုသရေးဦးစီးဌာန၏ ရည်မှန်းချက်ဖြစ်သည့် ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ လွှမ်းခြုံမှုတိုးတက်စေရေးအတွက် ပြင်ဦးလွင်မြို့၊ ခုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ ကျန်းမာရေးဝန်ထမ်းများမှ နယ်လှည့်ကွင်းဆင်းဆေးကုသမှုလုပ်ငန်းများ အား အခါအားလျော်စွာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ နယ်လှည့်ကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်မှုတွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၂၁)မိုးကြိုးရှိ ဇေယျာသီရိခန်းမတွင် အထွေထွေသမားတော်၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ မျက်မှန်အထူးကုဆရာဝန်၊ ဓာတ်မှန်အထူးကုဆရာဝန်၊ မျက်မှန်ကျွမ်းကျင်၊ ဓာတ်ခွဲကျွမ်းကျင်၊ အကြောအဆစ်ကျွမ်းကျင်နှင့် ဆေးဝါးကျွမ်းကျင်အဖွဲ့တို့မှ ကျေးလက်နေပြည်သူ (၆၉၅)ဦးတို့အား စမ်းသပ်ကုသပေးခဲ့ကာ ဆေးဝါးများ အခမဲ့လှူဒါန်းခဲ့ပြီး အရေးပေါ် ဆေးရုံတက်ရောက်ရမည့် လူနာများအား ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ ကုသရန်လွှဲပြောင်း ပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ခရိုင် (ပြန်/ဆက်)