ချမ်းအေးသာစံ ဖေဖော်ဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia နှင့် အဖွဲ့အား ယမန်နေ့ နံနက်ပိုင်းက မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံး ယုဇနဧည့်ခန်းမတွင် လက်ခံတွေ့ဆုံခဲ့ကြကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးနှင့် မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်နှင့် တာဝန်ရှိသူများ ပါဝင် တက်ရောက်ခဲ့ကြသည်။
တွေ့ဆုံစဉ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးတို့သည် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးစွာဖြင့် ကဏ္ဍများအလိုက် လက်ရှိတွင် ပူးပေါင်းဆောင်ရွက်နေသည့် ကိစ္စရပ်များနှင့် မြန်မာ-တရုတ်ချစ်ကြည်ရေးကို ပိုမိုတိုးမြှင့်ကာ အနာဂတ်တွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို နွေးထွေးစွာဖြင့် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပြီးနောက် အမှတ်တရလက်ဆောင် ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းနိုင် (ပြန်/ဆက်)