မန္တလေးတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့၊ ဒုတိယဥက္ကဋ္ဌနှင့် မဟာအောင်မြေခရိုင်မှ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ တွေ့ဆုံပွဲပြုလုပ်

အောင်မြေသာစံ ဖေဖော်ဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ တွေ့ဆုံပွဲ အခမ်းအနားကို  မန္တလေး၊ မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ် လမ်း(၃၀)ပေါ်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ယနေ့နံနက် (၈) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၂)၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ မဟာအောင်မြေခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ဝင်းရွှေနှင့် အဖွဲ့ဝင်များ၊ ချမ်းအေးသာစံမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မဟာအောင်မြေမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်နှင့် အဖွဲ့ဝင်များ၊ မဟာအောင်‌မြေမြို့နယ်နှင့် ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် အောင်မြေသာစံမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တစ်ဦးချင်းမိတ်ဆက်ကြပြီး မန္တလေးတိုင်းဒေသကြီး ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၂)၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးက အမှာစကား ပြောကြားသည်။

အမှာစကား ပြောကြားရာတွင် စစ်မှုထမ်းဆင့်ခေါ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် နည်းဥပဒေအရ စနစ်တကျ ဆောင်ရွက်ရန်၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် အထူးဂရုပြုဆောင်ရွက်ရန်၊ ရပ်ကွက်များအတွင်း ထူးခြားဖြစ်စဉ်များရှိပါက ချက်ချင်းသတင်းတင်ပြနိုင်ရေး ဆောင်ရွက်ရန်၊ ရပ်ကွက်အတွင်း မူးယစ်ဆေးဝါးနှင့် လောင်းကစားဆောင်ရွက်မှုများအား ထိရောက်စွာ အရေးယူသွားရန် လိုအပ်ပါကြောင်း၊ ပြည်သူ့စစ်မှုထမ်းများ ဆင့်ခေါ်ရာတွင် စာရင်းဇယားများ တိကျမှန်ကန်မှုရှိစေရေး၊ အဂတိကင်းရှင်းရေးနှင့် ပြည်သူများ ယုံကြည်မှုရှိအောင် ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးပြောကြားသည်။

၎င်းနောက် ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသော အခက်အခဲများကို တင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၂)၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက  ပြန်လည်ရှင်းလင်း‌ပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြကြောင်း သတင်းရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)