သမိုင်းဝင်ရွှေကျီးမြင်မြတ်စွာဘုရား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

အောင်မြေသာစံ ဖေဖော်ဝါရီ ၂၆

မန္တလေးမြို့၊ သမိုင်းဝင်ရွှေကျီးမြင်မြတ်စွာဘုရား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂) နာရီက အဆိုပါ ရွှေကျီးမြင်မြတ်စွာဘုရား၊ ရွှေကျီးသာဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဦးစီးမှူးများ၊ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုလုပ်ငန်းအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နာ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့် အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် ဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစီအစဉ်အရ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေက အမှာစကား ပြောကြားပြီး ရွှေကျီးမြင်မြတ်စွာဘုရား ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုလုပ်ငန်းအဖွဲ့၊ အဖွဲ့ခေါင်းဆောင် ဦးတင်မောင်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ရွှေကျီးမြင် မြတ်စွာဘုရားအား လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူနိုင်ရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအစီအမံတွင် ထည့်သွင်းနိုင်ရေး၊ ရွှေကျီးမြင်မြတ်စွာဘုရား ပရဝုဏ်နှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး၊ ခရီးသွားနှင့်ဘုရားဖူးပြည်သူများ သက်သောင့်သက်သာနှင့် စိတ်အေးချမ်းသာစွာ ဘုရားဖူးနိုင်ရေး၊ စိန်ဖူးတော်နှင့် ရွှေထီးတော်တင်မင်္ဂလာ အခမ်းအနား ကျင်းပနိုင်ရေး၊ နိုင်ငံခြားသားများ လာရောက်ပါက အထောက်အကူဖြစ်စေရေးအတွက် ခရီးသွားလာမှုဆိုင်ရာလမ်းညွှန်၊ မြေပုံနှင့်ဆိုင်းဘုတ်များအား မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာနှင့် တရုတ်ဘာသာတို့ဖြင့် ပြုလုပ်ထားရှိရေး၊ လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူနိုင်ရန်အတွက် အလှူငွေများရရှိရေး လုပ်ငန်းများကို အသီးသီးဆွေးနွေးကြသည်။ ထို့နောက် ဆွေးနွေးတင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ခရိုင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)