အောင်မြေသာစံ ဖေဖော်ဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များ တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ မန္တလေး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၂)၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ အောင်မြေသာစံခရိုင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့် အဖွဲ့ဝင်များ၊ အောင်မြေသာစံမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့်အဖွဲ့ဝင်များ၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် အောင်မြေသာစံမြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တစ်ဦးချင်းမိတ်ဆက်ကြပြီး မန္တလေးတိုင်းဒေသကြီး ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဒုတိယဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက အမှာစကားပြောကြားရာတွင် စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် နည်းဥပဒေအရ စနစ်တကျဆောင်ရွက်ရန်၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများအနေဖြင့် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် အထူးဂရုပြုဆောင်ရွက်ရန်၊ ရပ်ကွက်များအတွင်း ထူးခြားဖြစ်စဉ်များရှိပါက ချက်ချင်း သတင်းတင်ပြနိုင်ရေး ဆောင်ရွက်ရန်၊ ရပ်ကွက်အတွင်း မူးယစ်ဆေးဝါးနှင့် လောင်းကစားဆောင်ရွက်မှုများအား ထိရောက်စွာ အရေးယူသွားရန် လိုအပ်ပါကြောင်း ပြောကြားသည်။
၎င်းနောက် ခရိုင်/မြို့နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသော အခက်အခဲများကို တင်ပြကြရာ တိုင်းဒေသကြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက လိုအပ်သည်များ ပြန်လည်ရှင်းလင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)