မြစ်သား ဖေဖော်ဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကာ ပွင်းလင်းရာသီရောက်ရှိလာပြီဖြစ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများအား မီးကိုပေါ့ဆစွာအသုံးမပြုကြရန်အတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး၊ မီးဘေးလုံခြုံရေး၊ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေး ရည်ရွယ်ချက်ဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မီးငြှိမ်းသတ်ရေးသရုပ်ပြသခြင်းကို ယနေ့နံနက် (၉) နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်က လက်တွေ့မီးငြှိမ်းသတ်မှုသရုပ်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ မီးလောင်မှုဖြစ်ပွားသည်ကို မိမိတို့ပတ်ဝန်းကျင်တွင်တွေ့ရှိပါက စိုးရိမ်ထိတ်လန့်မှုမရှိဘဲ အေးဆေးတည်ငြိမ်စွာ မီးငြှိမ်းသတ်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်သင့်ကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများကို မီးသတ်တပ်ဖွဲ့ဝင်များနှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းပုံမီးသတ်နည်း လက်တွေ့သရုပ်ပြခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးခြင်းနှင့် မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်မှုသရုပ်ပြသရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်နှင့်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)