လိပ်သိုမြို့တွင် ဒေသထွက် နနွင်းခြောက်များ ဈေးနှုန်းမြင့်တက် ရရှိလာ

လိပ်သို ဖေဖော်ဝါရီ ၂၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ကျေးရွာအများအပြားမှ တောင်သူများမှာ ဥယျာဉ်ခြံလုပ်ငန်းနှင့် တွဲဖက်၍ တောင်ယာလုပ်ငန်းကို လုပ်ကိုင်လျက်ရှိကြရာ မိမိတို့၏ တောင်ယာခင်းများတွင် နနွင်းများကို တစ်နိုင်တစ်ပိုင်သော်လည်းကောင်း၊ စီးပွား ဖြစ်သော်လည်းကောင်း စိုက်ပျိုးထားကြပြီး နနွင်းများ တွင်ကျယ်စွာ တူးဖော်သိုလှောင်ရောင်းဝယ်ချိန် နနွင်းခြောက်များ ဈေးနှုန်းမြင့်တက်ရရှိလာကြောင်း သိရသည်။

နနွင်းခင်းများကို တူးဖော်ပြီး ရရှိလာသော နနွင်းတက်များကို ရေဆေးကာ နူးအောင်ပြုတ်ပြီး အရောင်တက်စေရန် ဇကာများဖြင့် နေလှန်းအခြောက်ပြုလုပ်ကြကြောင်း၊ လိပ်သိုမြို့ပေါ်၌ ယခင်လက နနွင်းအခြောက်တစ်ပိဿာလျှင် (၇၀၀ဝိ/-) ကျပ်မှ (၉၀၀ဝိ/-) ကျပ် အထိသာ ဈေးရရှိခဲ့သော်လည်း ယခုလတွင် နနွင်းအခြောက်တစ်ပိဿာလျှင် နနွင်းအရည်အသွေးပေါ်မူတည်၍ (၈၀၀ဝိ/-) ကျပ်မှ (၁၁၀၀ဝိ/-) ကျပ်အထိ ဈေးပေးဝယ်ယူ လျက်ရှိနေကြောင်း သိရသည်။

နနွင်းခြောက်များကို ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့သို့ အများဆုံးတင်ပို့ရောင်းချကြကြောင်း၊ ဒေသတွင်းရှိ နနွင်းခြောက်ဝယ်ယူသူများက နနွင်းခြောက်များကို ကြိတ်ကာ ကိုယ်ပိုင်အမှတ်တံဆိပ်ဖြင့် နနွင်းမှုန့်များ ပြုလုပ်ရောင်းချကြကြောင်း၊ ယခုနှစ်တွင် နနွင်းခြောက်များ ဈေးကောင်း ရရှိနေသဖြင့် သိုလှောင်ရောင်းဝယ်သူများနှင့် နနွင်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိနေကြောင်း သိရသည်။

ခင်လေးနွယ်