တံတားဦးမြို့နယ်၌ ယခုနှစ်ဆောင်းရာသီတွင် စိုက်ပျိုးထားသော ကြက်သွန်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

တံတားဦး ဖေဖော်ဝါရီ ၂၆

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြိုနယ် ဆောင်းသီးနှံများဖြစ်သည့် နေကြာ၊ ကုလားပဲ၊ ဂျုံ အစရှိသော သီးနှံများကို စိုက်ပျိုးထုတ်လုပ်လျက်ရှိရာ ယခုနှစ်ဆောင်းရာသီတွင် စိုက်ပျိုးထားကြသည့် ကြက်သွန်စိုက်ခင်းများအောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း ကြက်သွန်စိုက်ပျိုးလုပ်ကိုင်သူ ဦးအောင်ကျော်မြင့်ထံမှ သိရသည်။

“ဒီနှစ်စိုက်ပျိုးထားတဲ့ ကြက်သွန်များကို မြေအောက်ရေတင်ပြီး  မြေဧက (၁.၅) ဧကကို အရှည်ပေ ၇၃ ပေ အကျယ် ၅ ပေခန့်ရှိ ကြက်သွန်များစိုက်ပျိုးရန် မြေဘောင်များပြုလုပ်၍ စိုက်ပျိုးရာ အောင်မြင် ဖြစ်ထွန်းလျက်ရှိရာ အရင်နှစ်တုန်းက ကြက်သွန် ပိဿာချိန်  (၆၅၀၀) ကျော် ထွက်ရှိပါတယ်၊ ကြက်သွန်များ ရောင်းချချိန်တွင် ပေါ်ဦးပေါ်ဖျားအချိန်ကဆိုရင် တစ်ပိဿာကို (၃၀၀၀) ကျော် ရရှိပါတယ်၊ ယခုစိုက်ပျိုးထားတဲ့ ကြက်သွန်စိုက်ခင်းမှာ အောင်မြင်ဖြစ်ထွန်းနေပြီး သီးနှံပေါ်ချိန် ဈေးကောင်းရရှိဖို့ မျှော်လင့်နေပါတယ်” ဟု ဒေသခံ တောင်သူများထံမှ သိရသည် ။

တံတားဦးမြို့နယ်အနေဖြင့် ကြက်သွန်နီများကို ဆောင်းရာသီတွင် အဓိကထားစိုက်ပျိုးကြောင်းနှင့် ကြက်သွန်များကို မြေအောက်ရေတင်ပြီး တစ်ပိုင်တစ်နိုင်စိုက်ခင်းများ၊ ယာတောများတွင် ဟင်းသီးဟင်းရွက်စိုက်ခင်းများ၊ ပန်းမျိုးစုံစိုက်ခင်းများ၌ စိုက်ပျိုးကြကြောင်း သိရသည်။

ရဲတင့်(ပြန်/ဆက်)