ချမ်းအေးသာစံ ဖေဖော်ဝါရီ ၂၆
မဲခေါင်း-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ(၂၀၂၄) အစီအစဉ်ဖြင့် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)ကဆောင်ရွက်သည့် “မဲခေါင်-လန်ချန်းယဉ်ကျေးမှုအစီအစဉ် (၂၀၂၄)မြန်မာနိုင်ငံ ”ပန်းချီ အနုပညာပြပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ညောင်ဦးခရိုင်၊ ပုဂံမြို့ရှိ ပုဂံရှေးဟောင်းသုတေသန ပြတိုက်တွင် ကျင်းပခဲ့သည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ သာသသာသနာရေးနှင့် ယဥ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Ms Ma Jia၊ အမျိုးသားယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ရန်ကုန်နှင့်မန္တလေးတို့မှ ပါမောက္ခချုပ်များ၊ ပန်းချီပညာဌာနမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ မဲခေါင်း-လန်ချန်းအဖွဲ့ဝင်နိုင်ငံများမှ ပန်းချီပညာရှင်များ၊ မြန်မာနိုင်ငံရိုးရာပန်းပညာရှင်များအစည်းအရုံးမှ ပန်းချီပညာရှင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ပန်းချီအနုပညာပြပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် မဲခေါင်ဒေသတွင်း အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် မြန်မာ နိုင်ငံ၊ တရုတ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံများ၏ ရိုးရာပန်းချီများကို ကာကွယ်ပေးရန်၊ ထိန်းသိမ်းစောင့်ရှောက်ရန်၊ အပြန်အလှန် ယုံကြည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုခိုင်မာစေရန်ရည်ရွယ်ချက်များဖြင့် ကျင်းပပေးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံအသီးသီးမှအနုပညာရှင်များ၏ မတူညီသောရသများ၊ စိတ်ကြိုက်ပန်းချီကားများနှင့် ပန်းချီကားများအကြောင်း၊ ပုဂံမြေပေါ်တွင်မဲခေါင်ဒေသနိုင်ငံများမှပန်းချီ အနုပညာရှင်များ၏ ယနေ့ခေတ်ပြိုင်လက်ရာများကိုလေ့လာကြည့်ရှုရင်းပိုမိုခံစားနိုင်မည်ဖြစ်ပါကြောင်းနှင့် ယခုလိုပွဲများ ကျင်းပပေးခြင်းဖြင့် လူငယ်ပန်းချီအနုပညာရှင်များ အချင်းချင်းထိတွေ့ဆက်ဆံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုအားကောင်းလာမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် ပြပွဲတွင် ပန်းချီ အနုပညာရှင် ၂၈ ဦး ၏ စိတ်ကြိုက် ပန်းချီကား ၂၉ ကား ၊ Outdoor ပန်းချီကား ၂၆ ကား တို့ကို ရေဆေး၊ ဆီဆေး၊ acrylic medium digital artwork များဖြင့်ပြသထားမှုများ၊ သမိုင်းတန်ဖိုး အနုပညာတန်ဖိုးကြီးမားလှသည့် ပုဂံရှုခင်းအလှများကို outdoor painting ဖြင့် ရေးဆွဲပြသထားမှုများ ကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
မဲခေါင်အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့မှ ပန်းချီပညာရှင်များက ပုဂံယဉ်ကျေးမှုနယ်မြေ၌ လက်တွေ့ကွင်းဆင်း ပန်းချီများဖန်တီးခြင်း၊ ရိုးရာပန်းချီ အနုပညာဆိုင်ရာ စာတမ်းဖတ်ကြားခြင်း၊ ပန်းချီအနုပညာပြပွဲ ခင်းကျင်း ပြသခြင်း၊ယဉ်ကျေးမှု လေ့လာရေးခရီးစဉ်သွားရောက်ခြင်း စသည့်လုပ်ငန်းစဉ် (၄)ရပ်ဖြင့် ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဖေဖော်ဝါရီ ၂၄ ရက်နံနက်ပိုင်းတွင် ဖွင့်ပွဲအခမ်းအနား နှင့် ညပိုင်းတွင် ညစာစားပွဲအခမ်းအနားတို့ကျင်းပခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုဂံမြို့ဟောင်းသရပါတံခါးသို့ရောက်ရှိပြီး ရေစီးရေလာကောင်းမွန်ရေးအတွက် Drain တူးဖော် ခြင်းလုပ်ငန်းများအားအပိုင်းလိုက် ဆောင်ရွက်နေ မှု၊ Box Curvent တည်ဆောက်နေမှုလုပ်ငန်းများပြီးစီးမှု အခြေအနေများကိုကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက် များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။
၎င်းနောက် ဘက်စုံသုံးခန်းမ တည်ဆောက်နေမှုကို သွားရောက်ကြည့်ရှု စစ်ဆေးပြီးယာယီရှင်းလင်း ဆောင်၌တိုင်းဒေသကြီးဝန်ကြီးချုပ်အားတာဝန်ရှိသူများက ခန်းမအဆောက်အဦတည်ဆောက် ပြီးစီးမှုအခြေအနေ၊ ခန်းမအတွင်း၊ အပြင် ဆောင်ရွက်ပြီးစီးမှု၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်း အစီအမံများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြ ချက်များအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေး၍ လုပ်ငန်းပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်