သာစည် ဖေဖော်ဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် မိုးကြိုကာလများ၌ ဖြစ်တတ်သည့်လေပြင်းဘေးကို ကြိုတင်ပြင်ဆင်ခြင်းအားဖြင့် ထိခိုက်မှုနည်းပါးစေရန် ကြိုတင်ပြင်ဆင်ရေးဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ကွင်းဆင်းခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။ အစည်းအဝေးတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မန္တလေးတိုင်းဒေသကြီးဦးစီးမှူး ဦးအေးမင်းသူက လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအတွက် နေအိမ်များကို အားဖြည့်ပြုပြင်ခြင်း ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးဆောင်ရွက်မည့် ကျေးရွာအုပ်ချုပ်ရေးမှူးများအား လိုအပ်သည်များမှာကြားသည်။ ထို့နောက် တက်ရောက်လာသည့် ကျေးရွာအုပ်ချုပ်ရေးမှူးများက မရှင်းလင်း သည့်အချက်များကို ပြန်လည်မေးမြန်းဆွေးနွေးကြကြောင်း သိရသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနဦးစီးမှူး ဦးအေးမင်းသူနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ မိတ္ထီလာခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနဦးစီးမှူး ဒေါ်အေးအေးစိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်းဝင်းနှင့်တပ်ဖွဲ့ဝင်များ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်ပရဟိတအဖွဲ့များ ပါဝင်သောအဖွဲ့များကအဖွဲ့ကိုးဖွဲ့ခွဲပြီး လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် လျာထားတင်ပြထားသောကျေးရွာ ၂၄ ရွာရှိအိမ်ခြေ ၅၃၁ အိမ်အား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ပြင်ဆင်ရန်အခက်အခဲရှိပြီး အမှန်တကယ်လိုအပ်သည့်အိမ်များကို အားဖြည့်ပြုပြင်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)