ကျောက်ဆည် ဖေဖော်ဝါရီ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပွင့်လင်းရာသီသို့ ရောက်ရှိလာသည့်အတွက် ပြည်သူများ မီးကိုစနစ်တကျသုံးစွဲရေး၊ မီးလောင်မှုမဖြစ်ပွားစေရေး အသိပညာပေး နှိုးဆော်ခြင်းများကို မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် မီးဖိုများကို မြေကျင်းတူ၍ လည်းကောင်း၊ ဘေးပတ်လည်တွင် မီးမကူးစက်နိုင်သည့် လုံလောက်သော အကာအရံများဖြင့်လည်းကောင်း အသုံးပြုရန်၊ မီးဖိုအနီးတွင် မီးလောင်လွယ်သော လောင်စာများမထားရှိရန်နှင့်မီးဖိုအသုံးပြုနေစဉ် လူစောင့်အမြဲရှိရန်၊ အရွယ်အရောက်သေးသည့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနှင့် စိတ္တဇဝေဒနာရှင်များကို မီးသုံးစွဲခြင်း မခိုင်ရန်၊ လေပြင်းများတိုက်ခတ်နေချိန်တွင် မည်သည့်နေအိမ်မှ မီးသုံးစွဲခြင်းမပြုရန်နှင့်သုံးစွဲလျက်ရှိသော မီးများကို အမြန်ဆုံးငြိမ်းသတ်ရန်၊ လျှပ်စစ်ဝါယာကြိုးများ၊ လျှပ်စစ်ကိရိယာများကို သတ်မှတ်ခံနိုင်ဝန်အားထက် ပိုမိုသုံးစွဲခြင်းမပြုရန်နှင့် ဟောင်းနွမ်းဆွေးမြေ့ ပေါက်ပြဲနေသော၊ အရည်အသွေးမပြည့်မီသော ဝါယာကြိုးများကို အသုံးမပြုရန်နှင့် အသစ်လဲလှယ်ရန်၊ အပြင်သို့ထွက်ခွာလျှင် လျှပ်စစ်မိန်းခလုပ်များ သေချာစွာပိတ်ပြီးမှ ထွက်ခွာရန်နှင့်မီးကြွင်းမီးကျန်များကို စနစ်တကျငြှိမ်းသတ်ရန် စသည့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာများကို အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်လျက်ရှိကြောင်း သိရသည်။
မြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများအပြင် စက်သုံးဆီအရောင်းဆိုင်များ၊ စက်ရုံအလုပ်ရုံးများတွင်လည်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်း လုပ်ဆောင်ထားမှုများအား စဉ်ဆက်မပြတ်စစ်ဆေးခဲ့ပြီး အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်မောင်၊ကျောက်ဆည်