ကျေးလက်နေပြည်သူများအား ကျန်းမာရေးဝန်ဆောင်မှုများပိုမိုဆောင်ရွက်ပေးနိုင်ရန် အရန်သားဖွားသင်တန်းဖွင့်

ဘားအံ ဖေဖော်ဝါရီ ၂၅

ကျေးလက်နေပြည်သူများ ရောဂါဘယကင်းရှင်းရေး၊ သက်တမ်းစေ့အသက်ရှည် စွာနေထိုင်နိုင်ရေးနှင့် လူတိုင်းလက်လှမ်းမီသော ကျန်းမာ ရေးစောင့်ရှောက်မှုရရှိနိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သော အရန်သာဖွားသင်တန်း(၁/၂၀၂၅)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၆)ရပ်ကွက်၊ ဒေသန္တရကျန်းမာရေးဌာန၌ ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အရန်သာဖွားဆရာမလေးများအနေဖြင့် ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်း၊ မီးဖွားပြီးပြုစုစောင့်ရှောက်ခြင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးကင်းစကလေးတို့၏ အန္တရာယ်လက္ခဏာများကို အဓိကထားသင်ကြားရမည်ဖြစ်ပြီး ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် လူနာလွှဲပြောင်းခြင်းဆိုင်ရာလုပ်ငန်းများစသည့် ကျန်းမာရေးလုပ်ငန်းများကို တတ်မြောက်သည်အထိ သေချာစွာ လေ့လာသင်ယူကြရမည်ဖြစ်ကြောင်း၊ သင်ကြားခွင့်ရရှိသည့်အချိန်တွင် သေချာစွာလုံ့လစိုက်ထုတ်၍ သင်ခန်းစာများကို ကြေညက်စွာလေ့လာသင်ယူကြစေလိုကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို ဘားအံမြို့နယ်အတွင်းရှိ ကျေးရွာများမှ အရန်သားဖွားသင်တန်းသူ ၂၀ ဦး တက်ရောက်ကြပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှစ၍ စာတွေ့(၄)လနှင့် လက်တွေ့(၂)လ စုစုပေါင်း (၆)လကြာ သင်ကြားသွားမည် ဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် ငွေကျပ် ၄၃၈၀၀၀၀ဝိ/-(လေးရာသုံးဆယ်ရှစ်သိန်း)ကို ချီးမြှင့်ပေးအပ်ရာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသူများအား တစ်ဦးချင်းရင်းနှီးနွေးထွေးစွာ တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)