ဘားအံ ဖေဖော်ဝါရီ ၂၅
ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် သမဝါယမကဏ္ဍမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်သမဝါယမဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်အေးပွင့်ဖြူနှင့် တာဝန်ရှိသူများသည် ဘားအံမြို့နယ် အိန္ဒုကျေးရွာရှိ သစ်လွင်ယက္ကန်းကုန်ထုတ် သမဝါယမအသင်းသို့ သွားရောက်ပြီး သမဝါယမအသင်းသားများပိုင် ယက္ကန်းစင်များတွင် ကရင်ရိုးရာအဝတ်အထည်များ ယက်လုပ်နေမှု၊ ထွက်ရှိလာသော ချည်ထည်များ ထုပ်ပိုးမှုများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဦးစီးမှူးက အသင်းသားများ၊ အမှုဆောင်ဒါရိုက်တာများနှင့် တွေ့ဆုံကာ အသင်း၏ ရင်းနှီးမြှုပ်နှံမှုအခြေအနေ၊ ဈေးကွက်ရရှိမှုနှင့် အထည်လိပ်များထုတ်လုပ်နိုင်မှု အခြေအနေများအား ဆွေးနွေးမေးမြန်းခဲ့ပြီး အရည်အသွေးကောင်းမွန်သော ချည်ထည်များ ယက်လုပ်နိုင်ရေး၊ ဈေးကွက်သို့ ပိုမိုတင်ပို့ဖြန့်ဖြူးနိုင်ရေးနှင့် သမဝါယမအသေးစားစက်မှုလက်မှု ကုန်ထုတ်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာစေရေးအတွက် သမဝါယမအသင်းထုတ်ကုန်အဖြစ် အသင်းအချင်းချင်း ချိတ်ဆက်ဖြန့်ဖြူးနိုင်ရေး သမဝါယမအသင်းသားများ လူမှုစီးပွားဘဝမြှင့်တင်နိုင်ရေးအတွက် လိုအပ်သော အရင်းအနှီးများ၊ ပံ့ပိုးနိုင်ရေးတို့အား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)