လိပ်သိုဒေသတွင် ပဲပုစွန်ပင်များ တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက်ရှိ

လိပ်သို ဖေဖော်ဝါရီ ၂၅

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံများမှာ မိသားစုစားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်စေရန်အတွက် မိမိတို့၏ အိမ်ခြံဝင်းအတွင်းတွင် သီးပင်စားပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားလျက်ရှိရာ ပဲပုစွန်ပင်များကိုလည်း စိုက်ပျိုးထားကြကြောင်း သိရသည်။

ပဲပုစွန်ပင်များကို ရာသီမရွေး စိုက်ပျိုးနိုင်သော်လည်း မိုးနှောင်းကာလ သီတင်းကျွတ်နှင့် တန်ဆောင်မုန်းလများတွင် စိုက်ပျိုးရန် အကောင်းဆုံးအချိန်ဖြစ်ကြောင်း၊ ပဲပုစွန်ပင်များကို စင်ထောင်၍လည်းကောင်း၊ ခြံစည်းရိုးများတွင် ကပ်၍လည်းကောင်း စိုက်ပျိုးကြကာ စိုက်ပျိုးပြီး ရက် (၉၀) ခန့်တွင် အသီးစတင်သီးကြောင်း၊ ပဲပုစွန်ပင်များကို သဘာဝမြေဩဇာသုံး၍ စိုက်ပျိုးထားသဖြင့် ကျန်းမာရေးနှင့်ညီညွတ်စွာ စားသုံးနိုင်ကြောင်း ပဲပုစွန်ပင်စိုက်ပျိုးသူတစ်ဦးထံမှ သိရသည်။

ဒေသခံများမှာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မှ လာရောက်ရောင်းချသော ဈေးသည်များထံမှ ဟင်းသီးဟင်းရွက်များကိုသာ ဝယ်ယူစားသုံးခဲ့ကြသော်လည်း ယခုကာလတွင် မိသားစုထွက်ငွေကို ချွေတာနိုင်ရန်နှင့် သန့်ရှင်းလတ်ဆတ်စွာ စားသုံးနိုင်ရန် အိမ်စိုက်အော်ဂဲနစ်သီးနှံများကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြကြောင်း သိရသည်။

ခင်လေးနွယ် (ပြန်/ဆက်)