ဘားအံ ဖေဖော်ဝါရီ ၂၅
ဘားအံမြို့ ဧရိယာအတွင်း နေထိုင်ကြသော အိမ်ထောင်စုများအား သံလွင်မြစ်နှင့် စက်ရေတွင်းများမှ ရေကို စုပ်တင်၍ ရေစုကန်များမှတစ်ဆင့် သောက်ရေ၊သုံးရေများ ဖြန့်ဝေပေးလျက်ရှိရာ နေ့စဉ် ရေပုံမှန်ရရှိနိုင်ရေး မြို့ရေပေးဝေရေးလုပ်ငန်းကို ဆိုလာစနစ်သို့ ပြောင်းလဲတပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
ထိုသို့ ဆိုလာစနစ်ပြောင်းလဲတပ်ဆင်ဆောင်ရွက်နိုင်ရေး ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ ဘားမဲတောင်ရေစုကန်၊ ရေစစ်ကန်များမှတစ်ဆင့် ရေဖြန့်ဝေပေးနေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူနှင့် တာဝန်ရှိသူများက လက်ရှိရေပေးဝေမှု အခြေအနေ၊ ရေစက်ရုံအလိုက်နှင့် ရပ်ကွက်အလိုက် ရေပေးဝေသည့် ရေမီတာနှင့် ရေတိုင်စာရင်း၊ ဦးစားပေး(၁)၊(၂)၊(၃)အလိုက် ဆိုလာစနစ်တပ်ဆင်မည့် လုပ်ငန်းများ၊ ဆိုလာစနစ် တပ်ဆင်ပြီးပါက ရေရရှိမည့် ရပ်ကွက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားကာ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဘားအံမြို့တွင် ရပ်ကွက်(၉)ရပ်ကွက်၊ အိမ်ခြေ ၁၂၅၄၇၊ လူဦးရေ ၅၉၄၃၈ ဦးနေထိုင်လျက်ရှိပြီး ရေစက်ရုံ(၈)ရုံ ဖြင့် သောက်သုံးရေများဖြန့်ဝေပေးလျက်ရှိရာမှ ခန့်မှန်းကုန်ကျငွေပေါင်းကျပ် ၁၀၄၀ ဒဿမ ၂ သန်းဖြင့် ဘဏ္ဍာရေးနှစ်အလိုက် ဘတ်ဂျတ်လျာထား၍သော်လည်းကောင်း၊ အခြားသင့်တော်သောရန်ပုံငွေမှ တင်ပြတောင်းခံခြင်းဖြင့်သော် လည်းကောင်း ဆိုလာစနစ်သို့ ပြောင်းလဲတပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါလုပ်ငန်းများပြီးစီးပါက ရပ်ကွက်များအနေဖြင့် နေ့စဉ်ရေပုံမှန်ရရှိသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားမဲတောင်ပေါ်ရှိ အနှေးသဲစစ်ကန်၊ အကြမ်းစစ်ကန်၊ ကလိုရင်းခပ်စက်၊ ရေစုကန်၊ ရေစစ်ကန်များ၊ ဖားမဲတောင်စိမ်းလန်းစိုပြေရေး၊ view point နှင့် ဘားမဲတောင်ရေစက်တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)