မိုင်းယောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသည့် အမျိုးသားနှစ်ဦး စစ်ဆေးတွေ့ရှိ

 

မိုင်းယောင်း ဒီဇင်ဘာ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသည့် အမျိုးသားနှစ်ဦး စစ်ဆေးတွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

ကိုဗစ်-၁၉ ကူးစက်ခံရသည့် အမျိုးသားတစ်ဦးမှာ ဝမ်ဘိုးကျေးရွာမှ ဒီဇင်ဘာ ၄ ရက်နေ့က အတည်ပြုလူနာဖြစ်သွားသည့် အမျိုးသမီးတစ်ဦး၏ ဖခင်ဖြစ်ပြီး၊ ကျန်တစ်ဦးမှာ ဟောင်ကွေ့ကျေးရွာမှ ယာဉ်နောက်လိုက်တစ်ဦးဖြစ်ကာ ၎င်းတို့ကို နေအိမ်အသွားအလာကန့်သတ် (Home Quarantine) ထားရှိပြီး RDT Test Kit ဖြင့် စစ်ဆေးရာမှ ကိုဗစ်-၁၉ ကူးစက်ခံရကြောင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ယခုအခါ မိုင်းယောင်းမြို့နယ်မှာ ဒီဇင်ဘာ ၄ ရက်နေ့မှ ဒီဇင်ဘာ ၆ ရက်နေ့အထိ အတည်ပြုလူနာ ခုနစ်ဦးရှိနေပြီး ယင်းတို့ကို မြို့နယ်ဝန်ထမ်းအိမ်ရာ လေးထပ်တိုက်၌ ပို့ဆောင်ဆေးကုသမှု ပေးနေကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

အားချာ(ပြန်/ဆက်)