မိုင်းယု ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ ဟိုခိုတံတားအနီးရှိ ကျန်းမာရေး စစ်ဆေးရေးဂိတ်မှ ခရီးသွားလာသူများ သက်ဆိုင်ရာအုပ်စုအုပ်ချုပ်ရေးမှူး၏ သွားလာခွင့် ကတ်ပြားနှင့် ဌာနဆိုင်ရာဖြင့်ပါက M.O ပါမှသာ အဝင်/ထွက် သွားလာခွင့်ပြုမည်ဖြစ်ကြောင်း ယမန်နေ့ ညနေ ၅ နာရီခွဲခန့်က မြို့ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ အသိပေးနှိုးဆော်ခဲ့သည်။
အဆိုပါ နှိုးဆော်ရခြင်းမှာ တာချီလိတ်၊ မိုင်းဖြတ်နှင့် မိုင်းယောင်းမြို့နယ်တို့တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူဦးရေများ နေ့စဉ်တိုးလာသည်နှင့်အမျှ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ရောဂါ ကင်းစင်နေသဖြင့် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ ရောဂါကူးစက်မှုမရှိစေရန်အတွက် မိုင်းယုမြို့ ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီက မိုင်းယောင်း မြို့နယ်မှလာသူများ မိုင်းယောင်းမြို့နယ်၏ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးမှ ထုတ်ပေးသည့် သွားလာခွင့်ကတ်ပါမှသာ မိုင်းယုမြို့သို့ ဝင်ခွင့်ပြုမည်ဖြစ်ပြီး အလားတူ မိုင်းယုမြို့ ဒေသခံပြည်သူများကလည်း မိုင်းယောင်းမြို့နယ်သို့ သွားပါက မိုင်းယုမြို့ရှိ သက်ဆိုင်ရာ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူး၏ သွားလာခွင့်ကတ်ပြားပါမှသာ သွားလာခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
အလားတူ မိုင်းယုမြို့၏ ဌာနဆိုင်ရာများအနေဖြင့်လည်း မြို့တွင်းသွားလာပါက ကတ်ပြားပြ ရန်မလိုပဲ ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ လက်မှတ်ရေးထိုးရန်သာ လိုအပ်ပြီး မိုင်းယောင်းမြို့နယ် ပြင်ပသွားပါက (M.O)ယူဆောင်သွားရန်လိုအပ်ပြီးမပါက Home Quarantine(၇)ရက်နေ၍ Antigen (RDT)Test Kit ဖြင့် စစ်ဆေးမှုများကို ဟိုခိုတံတားအနီး ကျန်းမာရေးစစ်ဆေးဂိတ်တွင် ဆောင်ရွက်ရန် လမ်းညွှန်မှာကြားထားခဲ့ ကြောင် သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)