မိုင်းကိုင်မြို့နယ်၊ တောင်ပေါ်ဒေသ ကျေးရွာချင်းဆက် မြေသားလမ်း စတင်ဖောက်လုပ်

 

မိုင်းကိုင်    ဒီဇင်ဘာ     ၇

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ရှမ်းပြည်နယ်အစိုးရရန်ပုံငွေဖြင့် ကုံးလုံးကျေးရွာအုပ်စုနှင့် လွိုင်ကုန်ကျေးရွာအုပ်စုအတွင်းရှိ  ကောင်းဖယ်- လုတ်ကန်း ကျေးရွာချင်းဆက် မြေသားလမ်းကို  နိုဝင်ဘာလ  ၂၁  ရက်နေ့မှစတင်၍  ဖောက်လုပ်လျက်ရှိသည်။

ကောင်းဖယ်-လုတ်ကန်းကျေးရွာချင်းဆက် မြေသားလမ်း (၈/၄)မိုင်  ဖောက်လုပ်နေမှုနှင့် ပတ်သက်၍ ဒီဇင်ဘာလ  ၆ ရက်နေ့ က  မြို့နယ် စီမံခန့်ခွဲမှုကော်မတီ  ဥက္ကဋ္ဌ ဦးရဲထွန်းအောင်နှင့် အဖွဲ့ဝင်များ ၊ မြို့နယ်ဖွံ့ ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး  ဦးစံမောင်နှင့် ဝန်ထမ်းများက ကွင်းဆင်းစစ်ဆေး ကြီးကြပ်မှုများ ဆောင်ရွက်ခဲ့သည်။ 

အဆိုပါ  ကျေးရွာချင်းဆက် မြေသားလမ်းသည် ကုံးလုံးကျေးရွာအုပ်စုနှင့် လွိုင်ကုန်ကျေးရွာအုပ်စု အတွင်းရှိ  ကျေးရွာပေါင်း ၂၀ ရွာ၊ အိမ်ထောင်စုပေါင်း ၁၂၉၃ အိမ်ထောင်စု၊ လူဦးရေပေါင်း ၄၈၀၂ ဦး တို့က သွားလာအသုံးပြုနေသော လမ်းဖြစ်ပြီး လမ်းဖောက်လုပ်ပြီးစီးပါက တောင်ပေါ်ဒေသနေ ပြည်သူများအတွက် လူမှုဘဝ၊ စီးပွားရေး၊ ပညာရေး၊လမ်းပမ်းဆက်သွယ်ရေးတို့ကို  များစွာ အထောက်အကူပြုလာနိုင်မည် ဖြစ်ကြောင်း သိရသည်။

 

နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)