မိတ္ထီလာ ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်နှင့် မလှိုင်မြို့နယ်အတွင်းရှိ ကျေးရွာများ၌ စိုက်ပျိုးသီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး မြေပြင်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ဦးရွှေဇင်နှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ခရိုင်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စိုက်ပျိုးရေး ညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများလိုက်ပါပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ်ခင်လူးကျေးရွာအုပ်စုခင်လူးကျေးရွာ၌ နွေစပါး ၅၀ဧက စိုက်ပျိုးမည့်ဒေသခံ တောင်သူများနှင့်တွေ့ဆုံပြီး ဝန်ကြီးက အဖွင့်အမှာစကားပြောရာတွင် မိတ္ထီလာခရိုင်အား စံပြခရိုင်ဖြစ်စေရေးအတွက် ဘက်ပေါင်းစုံမှ ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးရေးကဏ္ဍသည် အရေးကြီးသောကြောင့် တောင်သူများနှင့်တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ တောင်သူများက နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေးဆောင်ရွက်ပေးရန်နှင့်တောင်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ရာ တောင်သူများက လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်းတင်ပြဆွေးနွေးကြရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။
ဆက်လက်ပြီး တိုင်းဒေသကြီးမြေပြင်ကွင်းဆင်းကြီးကြပ်ရေးအဖွဲ့ဝင်များ၊ခရိုင် စိုက်ပျိုးရေး ညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများက နွေစပါးပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဌာနအလိုက် ဆောင်ရွက်ပေးလျက်ရှိသည်များကိုလည်းကောင်း၊ ခရိုင်မီးသတ်ဦးဌာနနှင့် ခရိုင်သစ်တောဦးစီးဌာနတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများကို လည်းကောင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တောင်သူများ၏အခက်အခဲတင်ပြမှုများအပေါ် ဝန်ကြီးက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့ဝင်များသည် ကဖြူကျေးရွာအုပ်စု မင်းတဲကုန်းကျေးရွာတွင် ကြက်သွန်နီ ၄၀ ဧက စိုက်ပျိုးသည့် ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ထွက်ရှိရေးအတွက်လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေး ပြောကြားခဲ့ပြီး နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆိုလာစနစ်နှင့် စက်ရေတွင်းမှတဆင့် ရေသွင်းစိုက်ပျိုးလျက်ရှိသော ဒေသခံတောင်သူဦးအောင်မြင့်၏ ကြက်သွန်နီစိုက်ခင်းအား ကြည့်ရှုအားပေးသည်။
အလားတူ မွန်းလွဲပိုင်းတွင် မလှိုင်မြို့နယ် ရေချိုဘူတာကျေးရွာအုပ်စု သပြေပင်ကျေးရွာ၌ သပြေပင်ကျေးရွာတွင် ကြက်သွန်နီ ၅၀ ဧက၊ ဖက်ကုန်းကျေးရွာအုပ်စု ဖက်ကုန်ကျေးရွာတွင် မိုးကြိုဝါ ၅၀ ဧက၊ ထမ္မကြီးကျေးရွာအုပ်စု ထမ္မကြီးကျေးရွာတွင် နွေပဲတီစိမ်း ၃၀ ဧက စိုက်ပျိုးမည့် ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ဝန်ကြီးနှင့်အဖွဲ့ဝင်များက စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ပြီး ဒေသခံတောင်သူများ၏ လိုအပ်ချက်များတင်ပြမှုအပေါ် သက်ဆိုင်ရာဌာနတာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နွေသီးနှံစိုက်ပျိုးမည့် ဒေသခံတောင်သူများထံသို့ ယူရီးယားဓာတ်မြေဩဇာများကို သတ်မှတ်ဈေးနှုန်းဖြင့် ဝန်ကြီးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့က ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။
ချမ်းသာ