မီးဘေးလုံခြုံရေးနှင့် မီးလောင်မှုလျော့နည်းစေရေးအတွက် စားသောက်ကုန်လုပ်ငန်းရှင်များအား မီးဘေးအသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းများဆောင်ရွက်

ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ မြို့ပေါ်ရှိ အိမ်တွင်းမှုလုပ်ငန်းလုပ်ကိုင်ကြသည့် လုပ်ငန်းရှင်များအားဖိတ်ကြား၍ မီးဘေးလုံခြုံရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းများကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်စားသုံးသူရေးရာဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မီးဘေးလုံခြုံရေး အသိပညာပေးဆွေးနွေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်က မီးလောင်မှုဖြစ်ပွားတတ်သည့် အခြေခံအကြောင်း တရားများနှင့် ဖြစ်ပွားနိုင်သည့်အခြေအနေများ၊ မီးလောင်မှု ဖြစ်ပွားပါက အခြားသူကို အသိမပေးပဲ မိမိတို့ မိသားစုအတွင်းကြိတ်၍ မီးငြှိမ်းသတ်ခြင်းကို ရှောင်ရှားကြရန်နှင့် နီးစပ်ရာ မီးသတ်စခန်းသို့ အမြန်ဆုံးဆက်သွယ် အကြောင်းကြားကြရန်တို့ကို ဆွေးနွေးဟောပြောခဲ့ သည်။ ယင်းနောက် အဆိုပါ ရုံးရှေ့မြေကွက်လပ်တွင် ဆီမီးလောင်မှု မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူး အသုံးပြု မီးငြှိမ်းသတ်နည်းများကို မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက လက်တွေ့ရှင်းလင်းပြသကြရာ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းနှင့် ဝန်ထမ်းများ၊ အိမ်တွင်းမှုစားသောက်ကုန်လုပ်ငန်းရှင်များက ဝိုင်းဝန်းကြည့်ရှုကြ၍ မီးသတ်ဆေးဘူး အသုံးပြုမီးငြှိမ်းသတ်ခြင်းများကို လက်တွေ့ ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရပြီး၊ အဆိုပါ မီးဘေးလုံခြုံရေး အသိပညာပေးဆွေးနွေးပွဲသို့ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ၊ စားသောက်ကုန်လုပ်ငန်းရှင်များ စုစုပေါင်း (၇၂)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)