မိတ္ထီလာ ဖေဖော်ဝါရီ ၂၃
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် ရမည်းသင်းခရိုင်နှင့် မိတ္ထီလာခရိုင်အတွင်းရှိ မြို့ရှောင်လမ်း၊ ကျေးရွာချင်းဆက်လမ်း၊ ကုန်ထုတ်လမ်းများခင်းခြင်းလုပ်ငန်းနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်းများအား ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် ရမည်းသင်းခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၂၂.၅၉၂ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ထီးလှိုင်-ရွှေကူဘုရားသွား ကုန်ထုတ်လမ်း(၁)မိုင် (၄)ဖာလုံ တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့သည်။ ၎င်းနောက် ရမည်းသင်းခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုအထွေထွေပိုလျှံရန်ပုံငွေ ကျပ် ၄၅ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော အင်ကြင်းကန်-အုတ်ဖို-ဆူးတပ်ရွာသွားလမ်းပေါ်ရှိ တံတား(၄)စင်း တည်ဆောက်ခြင်းလုပ်ငန်းကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် ရမည်းသင်းခရိုင် ရမည်းသင်းမြို့နယ်အတွင်း လမ်းဦးစီးဌာနကြီးကြပ်ရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေကျပ် ၉၅.၂၄ သန်းဖြင့် ရမည်းသင်း - ကန်ဘဲ့ - ကုက္ကိုပင်လမ်း ကတ္တရာခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပျော်ဘွယ်မြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေကျပ် ၁၁၇ သန်းဖြင့် ပျော်ဘွယ်-ကျောက်ဆည်-ရွှေညောင်ဖူးလမ်း ကတ္တရာခင်းခြင်းလုပ်ငန်းများဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်အတွင်း မန္တလေးတိုင်းဒေသကြီးလမ်းဦးစီးဌာန ကြီးကြပ်ရေးအဖွဲ့မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဖြည့်စွက်ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၅၈၀.၃၇၁ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော မိတ္ထီလာမြို့ရှောင်လမ်း အဆင့်မြှင့်တင်တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်စွက်ပံ့ပိုးပြီး လမ်းလုပ်ငန်းများ ၂၀၂၅ ခုနှစ် မတ်လ ၁၅ ရက်နေ့မတိုင်မီ အချိန်မီပြီးစီးအောင်နှင့် သတ်မှတ်အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်သွားရေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)