ချမ်အေးသာစံ ဖေဖော်ဝါရီ ၂၂
၂၀၂၅ ခုနှစ်ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ကျရောက်သည့် ရတနာပုံတက္ကသိုလ်၏ (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရတနာပုံတက္ကသိုလ်တွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ စီမံဝန်ထမ်းများ၊ တက္ကသိုလ်များမှပါမောက္ခချုပ်များ၊ သုတေသနစာတမ်းရှင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား ၆၀၀၀ ဦးကျော် တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပင်မဆောင်ရှေ့တွင် အထူးပြုဘာသာရပ် ၂၈ ခုမှ ကျောင်းသား၊ ကျောင်းသူများက ပညာစုံရတနာပုံသီချင်းဖြင့် ဂုဏ်ပြုတင်ဆက်မှုများကို ကြည့်ရှုအားပေး၍ ရတနာပုံတက္ကသိုလ် (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီးနောက် ပင်မဆောင်မြေညီထပ်တွင် ပညာအလင်းတိုင် ၂၅ တိုင်အား စက်ခလုတ်နှိပ်ထွန်းလင်းပေးကာ ဘာသာရပ် ၂၈ ခု၏ ဘာရပ်ပြခန်းများအလိုက် သင်ကြားရေးအထောက်အကူပြုစာအုပ်စာစောင်များနှင့် သင်ထောက်ကူပြုပစ္စည်းများ ပြသထားမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။
၎င်းနောက် အခမ်းအနားကို ပင်မဆောင်ရှိ ပြည်ထောင်စုခန်းမတွင် ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူများမှ ရတနာပုံငွေရတုတက္ကသိုလ် ဂုဏ်ပြုသီချင်းဖြင့် သီဆိုကပြမှုများနှင့် ရတနာပုံတက္ကသိုလ်မှတ်တမ်း Video clip အား ကြည့်ရှုအားပေးခဲ့သည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုသည် မျိုးဆက်သစ်လူငယ်များ၏ ပညာတတ်မြောက်မှုများပေါ်တွင် များစွာမူတည်နေပါကြောင်း၊ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဘာသာရပ်ဆိုင်ရာအရည်အသွေးမြင့်မားရေး၊ သင်ကြားရေးနှင့် သုတေသန လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်ရေးတို့ကို နိုင်ငံတော်က အလေးထားဆောင်ရွက်နေပါကြောင်း၊ ယခုငွေရတုအထိမ်းအမှတ်တွင် သုတေသနစာတမ်းပေါင်း ၄၈ စောင်ကိုလည်း စာတမ်းရှင်များက ဖတ်ကြားသွားမည်ဟုသိရှိရပါကြောင်း၊ အသွင်သဏ္ဍာန်တိုးတက်လာသကဲ့သို့ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်သော၊ စည်းကမ်းစနစ်ရှိသော၊ ဗလငါးတန်ဖွံ့ဖြိုးသော ပညာတတ်လူတော်လူကောင်းများ မွေးထုတ်ပေးနိုင်ရေး အားလုံးဝိုင်းဝန်း ကြိုးစားသွားကြရမည်ဖြစ်ပါကြောင်း ပြောကြားပြီးနောက် ငွေရတုအထိမ်းအမှတ်အတွက် ဂုဏ်ပြုငွေအားချီးမြှင့်ခဲ့သည်။
၎င်းနောက် ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက ကျေးဇူးတင်စကားပြောကြားပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပါမောက္ခချုပ်တို့က နိုင်ငံတော်အဆင့်နှင့် အခြားအဆင့် စာပေ၊ ဂီတ၊ အနုပညာ၊ အားကစားပြိုင်ပွဲများမှ ဆုရရှိသူများ၊ တက္ကသိုလ်တွင်း သန့်ရှင်းသာယာလှပ ဆုရရှိသည့် ဘာရပ်ဌာနများအား ဆုတံဆိပ်များနှင့် ဂုဏ်ပြုငွေများကို ချီးမြှင့်ခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရတနာပုံတက္ကသိုလ် အားကစားခန်းမတွင် စုပေါင်းသွေးလှူဒါန်းနေမှုအား သွားရောက်ကြည့်ရှုကာ ကျန်းမာရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူ(၄၂၉)ဦးအား သွေးမလှူဒါန်းမီ ကျန်းမာရေးစစ်ဆေးပေးနေမှုများနှင့် သွေးလှူဒါန်းနေကြသည့် ကျောင်းသား ကျောင်းသူများကို လိုက်လံနှုတ်ဆက် အားပေးစကားများပြောကြားပြီးနောက် ငွေရတုအထိမ်းအမှတ် ဘာသာရပ်အလိုက် ဈေးရောင်းပွဲများတွင် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
ရတနာပုံတက္ကသိုလ် (၂၅)နှစ်မြောက် ငွေရတုအထိမ်းအမှတ်အဖြစ် ထမနဲထိုးပွဲ၊ သုတေသနစာတမ်းဖတ်ပွဲ၊ စုပေါင်းသွေးလှူဒါန်းပွဲ၊ သံဃာ(၁၀၈)ပါး ဆွမ်းဆန်စိမ်းလောင်းလှူပွဲ၊ ဘာသာရပ်ပြခန်းများနှင့် ဈေးရောင်းပွဲများဖြင့် စည်ကားသိုက်မြိုက်ကျင်းပခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းနိုင်