မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ အဖွဲ့ဝင်များ၏ အနားယူခြင်း၊ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာအစည်းအဝေးနှင့် အဋ္ဌမအကြိမ် မန္တလေးတိုင်းဒေသကြီး သံဃာ့ဝန်ဆောင်အဖွဲ့ (သတ္တမ)အစည်းအဝေးကျင်းပ

ချမ်အေးသာစံ ဖေဖော်ဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ အဖွဲ့ဝင်များ၏ အနားယူခြင်း၊ ပြန်လည်ရွေးချယ်ခြင်းဆိုင်ရာ အစည်းအဝေးနှင့် အဋ္ဌမအကြိမ် မန္တလေးတိုင်းဒေသကြီးသံဃာ့ဝန်ဆောင်အဖွဲ့(သတ္တမ)အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်ရှိ မစိုးရိမ်တိုက်သစ်၊ ဓမ္မမဟိဒ္ဓိ(၄-ထပ်)ကျောင်းဆောင်တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသ အမှူးပြုပြီး တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိုင်းဒေသကြီး သံဃနာယကဆရာတော်ကြီးများနှင့် သံဃာ့ဝန်ဆောင်ဆရာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။

ရှေးဦးစွာ တက်ရောက်လာကြသူများက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အစည်းအဝေးကို ဖွင့်လှစ်ခဲ့ပြီးအခမ်းအနားမှူး ဆရာတော်က သံဃာတော်များ၏ အရေအတွက်ကို ဖတ်ကြားလျှောက်ထား၍ သဘာပတိ ဆရာတော်ကအစည်းအဝေး ဖွင့်ဩဝါဒကထာမြွက်ကြားပြီးနောက် အခမ်းအနား ပထမပိုင်းကို အစီအစဉ်အတိုင်းကျင်းပခဲ့သည်။

ယင်းနောက် အခမ်းအနားဒုတိယပိုင်း၌ အဋ္ဌမအကြိမ် မန္တလေးတိုင်းဒေသ ကြီးသံဃာ့ဝန်ဆောင်အဖွဲ့(သတ္တမ) အစည်းအဝေးကို ဆက်လက်ကျင်းပရာ အစည်းအဝေးသို့ ကြွရောက်တော်မူလာကြကုန်သော တိုင်းဒေသကြီးအတွင်းမှ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဩဝါဒါစရိယဆရာတော်ကြီးများ၊ တိုင်းဒေသ ကြီး သံဃနာယကဆရာတော်ကြီးများ၊ တိုင်းဒေသကြီး သံဃာ့ဝန်ဆောင် ဆရာတော်များ၏ တက်ရောက်ရာခိုင်နှုန်းကို ဖတ်ကြားလျှောက်ထား၍ အစည်းအဝေးထမြောက်အောင်မြင်ကြောင်း လျှောက်ထားပြီးနောက် သာသနဿ စ လောကဿ စသော နှစ်ဂါထာကို ရွတ်ဆို၍ အစည်းအဝေးကို ဖွင့်လှစ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဩဝါဒါစရိယ ရမည်းသင်းမြို့နယ်၊ ရန်အောင်မင်းကျောင်းဆရာတော် ဘဒ္ဒန္တနန္ဒောဘာသက ဩဝါဒကထာကို ချီးမြှင့်ပေးပြီးနောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တတိက္ခိန္ဒြိယာဘိဝံသက သာရဏီယဩဝါဒထာ မိန့်ကြားတော် မူခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများကို လျှောက်ထား၍ ဩဝါဒများ ခံယူပြီးနောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော်ဘဒ္ဒန္တ ဝါသဝသီရိကတိုင်းဒေသကြီးသံဃနာယကအဖွဲ့၏ (၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သော ဝိနိစ္ဆယရေးရာ၊ သာသနာရေးရာ၊ ပညာရေးရာနှင့်အထွေထွေဆောင်ရွက်ချက်များကိုအကျဉ်းချုပ်လျှောက် ထား၍ တိုင်းဒေသကြီးသံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်က နိဂုံးချုပ်ဩဝါဒကထာမိန့်ကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများ၊ နဝကမ္မဝတ္ထုငွေများနှင့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်းနှင့် အခမ်းအနားကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

ထွန်းထွန်းနိုင်