ပုသိမ်ကြီးမြို့နယ်တွင်းရှိ စာမေးပွဲဖြေဆိုမည့် အခြေခံပညာကျောင်းများ မီးဘေးလုံခြုံရေးစစ်ဆေး

ပုသိမ်ကြီး ဖေဖော်ဝါရီ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများသည် မြို့နယ်အတွင်းရှိ စာမေးပွဲဖြေဆိုမည့် အခြေခံပညာကျောင်းများ မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက စတင်ကာအခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများဖြစ်သည့် အ.ထ.က ပုသိမ်ကြီး၊ အ.ထ.က အုန်ချောတို့သာမက မြို့နယ်တွင်းရှိ အခြေခံပညာကျောင်းများကိုလည်း ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးလောင်၊ မီးလန့်မှုဖြစ်ပေါ်မှု မရှိစေရန်၊ စာသင်ကျောင်းများရှိ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိသည့် မီးသတ်ဆေးဘူး၊ မီးချိတ်မီးကပ်၊ သဲ၊ ရေ စသည်တို့အား လိုက်လံကြည့်ရှု စစ်ဆေးပြီး၊ လိုအပ်သည်များ ဆောင်ရွက်ထားရှိရန်မှာကြားခဲ့သည်။

အဆိုပါ ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမင်းသန့်နှင့်တပ်ဖွဲ့ဝင်များ၊ ဒေသခံ အရန်မီးသတ်တပ်ဖွဲ့ဝင်များလိုက်ပါလျက် အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)