ချမ်အေးသာစံ ဖေဖော်ဝါရီ ၂၁
မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ၂၀၁၉ခုနှစ်တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည့် စားသုံးသူကာကွယ်ရေးဥပဒေအရ စားသုံးသူအသိပညာပေးခြင်းများကို စားသုံးသူနယ်ပယ်အသီးသီးသာမက တက္ကသိုလ်/ကောလိပ်များရှိ ကျောင်းသား၊ ကျောင်းသူများကိုလည်း စားသုံးသူအသိပညာပေးခြင်းများကို အခါအားလျော်စွာဆောင်ရွက်လျက်ရှိရာ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ် သီရိရတနာခန်းမတွင် ဖေဖော်ဝါရီ ၁၉ ရက်နေ့နံနက်ပိုင်းက စားသုံးသူအသိပညာပေးဟောပြောဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
အသိပညာပေးဟောပြောဆွေးနွေးပွဲသို့ မန္တလေးနိုင်ငံခြားဘာသာတက္တသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင့်တင့်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ရှိသူများ၊ ကျောင်းသား၊ကျောင်းသူ ၃၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။
ဟောပြောဆွေးနွေးပွဲ၌ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးရဲလင်းထက်က အဖွင့်အမှာစကားပြောကြားပြီးနောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြူသဲနွယ်က စားသုံးသူအခွင့်အရေးများအကြောင်း၊ တိုင်းကြားမှုဖြစ်စဉ်နှင့်ပတ်သက်သည့်အကြောင်းအရာများ၊ ဆက်သွယ်တိုင်ကြားရန် နည်းလမ်းများအကြောင်း ရှင်းလင်းဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာကြသူများ၏ သိလိုသည်များကို ပြန်လည်ဆွေးနွေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ၊ တက္ကသိုလ်ဝန်းအတွင်း ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းနှင့် အခမ်းအနား၌ (၇၈)ကြိမ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာ၊ ပန်းချီနှင့် ဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့်တတိယဆုများရရှိခဲ့ကြသည့် မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်မှ ကျောင်းသား၊ကျောင်းသူများအား ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ (ဌာနမှူး)များက ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းနိုင်