ဖလမ်း ဖေဖော်ဝါရီ ၂၂
ပိုးစာစိုက်ပျိုးရေးဇုံ ဖော်ထုတ်နိုင်ရေးတောင်သူအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဖလမ်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ချင်းပြည်နယ်ဦးစီးမှူး ဦးကျော်ကျော်ဦးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာန ဖလမ်းခရိုင်ဦးစီးမှူး ဦးသန်းဝင်းက စိုက်ပျိုးရေးလုပ်ငန်းများတွင် ဆည်မြောင်းဦးစီးဌာနမှ ရေရရှိရေး ဆောင်ရွက်မှုများကို လည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ခရိုင်ဦးစီး မှူး ဦးယဉ်လွန်က မြေယာကိစ္စများကိုလည်းကောင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးမင်းနိုင်က တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် နည်းပညာပိုင်းနှင့်အခြားကိစ္စရပ်များတွင် ကူညီနိုင်မှု အခြေအနေများကိုလည်းကောင်း၊ တီးတိန်မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးမြင့်အောင်က ချင်းပြည်နယ်တွင် ပိုးစာစိုက်ပျိုးထုတ်လုပ်မှုအခြေအနေများကို လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် တောင်သူများက သိရှိလိုသည်များ၊ မရှင်းလင်းသည့် အချက်များကို မေးမြန်းဆွေးခဲ့ကြကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ဂျွန်( ပြန်/ဆက် )