မိတ္ထီလာ ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်အတွင်းရှိ MSME လုပ်ငန်းများနှင့်ပတ်သက်၍ တာဝန်ရှိသူများက ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မိတ္ထီလာခရိုင်အတွင်း ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ စားဖိုဆောင်သီးနှံ၊ ဝါစသည် လယ်ယာထွက်ကုန်သီးနှံများစွာ စိုက်ပျိုးဖြစ်ထွန်းပြီး ကုန်ကြမ်းအတိုင်း တင်ပို့ရောင်းချမှုများအပြင် ကုန်ချော ထုတ်လုပ်ရောင်းချနေသည့် ကုန်ထုတ်လုပ်ငန်းများစွာရှိသည့်အနက် ဒေသတွင်နေထိုင်သူများအား အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်သကဲ့သို့ ဒေသထွက်ကုန်များအား တန်ဖိုးမြှင့် ထုတ်လုပ်သည့် သွင်းကုန်အစားထိုး ပြည်တွင်းကုန်ထုတ်လုပ်ငန်းများဖြစ်သည့် မိတ္ထီလာမြို့နယ်ရှိ သိန်းမင်း ငရုတ်သီးမှုန့်လုပ်ငန်း၊ UK ကြက်သွန်ကြော်လုပ်ငန်း၊ ချန်ပီယံမုန့်လုပ်ငန်းများမှာလည်း အပါအဝင်ဖြစ်သည်။
၎င်းလုပ်ငန်းများအား တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေနှင့်တာဝန်ရှိသူများက ဒေသတွင်း MSME လုပ်ငန်းများနှင့်ပတ်သက်၍ ကွင်းဆင်း လေ့လာခဲ့ရာ သိန်းမင်းငရုတ်သီးမှုန့်လုပ်ငန်းအနေဖြင့် ဒေသထွက်ကုန်ငရုတ်သီးများကို ငရုတ်သီးမှုန့်၊ အရောင်တင်မှုန့်၊ ခွဲခြမ်း၊ အကြော်မှုန့်၊ အလှော်မှုန့်များထုတ်လုပ်လျက်ရှိကြောင်း၊ ငရုတ်သီးမှုန့်နှင့် ကြက်သွန်ဖြူ/ ကြက်သွန်နီကြော်များကို ဒေသတွင်းဈေးကွက်နှင့် အနယ်နယ်အရပ်ရပ်သို့ တင်ပို့လျက်ရှိကြောင်း သိရပြီး၊ ချန်ပီယံမုန့်လုပ်ငန်းမှာ သွင်းကုန်အစားထိုး ပြည်တွင်းထုတ်ကုန် တစ်ရပ်အနေနှင့် ဈေးကွက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)