ဘားအံ ဖေဖော်ဝါရီ ၁၆
ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ထီးဖိုးကလုံးရွာမှ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူဒေသသို့ သံလွင်မြစ်ကြောင်းနှင့်အပြိုင် ဆက်သွယ်ဖောက်လုပ်ထားသော သစ္စာလမ်းမကြီး ထော်ရွဲရွာအပိုင်းဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။
အဆိုပါလမ်းပိုင်းသည် လမ်းအကျယ်တစ်ဖက်ပေ(၂၀)စီ၊ နှစ်ဖက်ပေ(၄၀)နှင့် အရှည်တစ်မိုင်ခန့်ရှိပြီး လမ်းအလယ်တွင် ၁၀ ပေအကျယ်ရှိ လမ်းလယ်ကျွန်းနှင့် ပန်းအိုးကြီးများ၊ နေရောင်ခြည်စွမ်းအင်သုံး ဆိုလာမီးတိုင်များပါဝင်ကာ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ကမ်းနီတိုက်ကျောင်းဆရာတော် ဘဒ္ဒန္တဝိစာရ၊ ထော်ရွဲတိုက်ကျောင်းဆရာတော် ဘဒ္ဒန္တဥတ္တမ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဗဟိုအကြံပေးနှင့် ကွပ်ကွဲရေးအဖွဲ့နာယက စောထွန်းလှိုင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်တို့က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြပြီး လမ်းပိုင်းအား မော်တော်ယာဉ်များဖြင့် ဖြတ်သန်းကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် လှိုင်းဘွဲမြို့နယ်၊ အင်းနို့သိပ္ပံကျေးရွာအုပ်စု၊ ထော်ရွဲကမ်းနားကျေးရွာ၊ ထော်ရွဲကျောင်းတိုက် အဝင် မုခ်ဦးအလှူနှင့် ဆရာတော်ဘဒ္ဒန္တဥတ္တမ၏မွေးနေ့ (ဝိဇာတ) မင်္ဂလာအခမ်းအနားကို ထော်ရွဲကျောင်းတိုက်၌ကျင်းပရာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ကမ်းနီတိုက်ကျောင်း ဆရာတော်ဘဒ္ဒန္တဝိစာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများနှင့် ကျေးဇူးတင်ဝမ်းမြောက်စကား လျှောက်ထားတင်ပြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အလှူရှင်များက နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ကမ်းနီတိုက်ကျောင်း ဆရာတော်ဘဒ္ဒန္တဝိစာရ၊ မြိုင်ကြီငူ နန်းဦးဘေးမဲ့ကျောင်းတိုက် ဦးစီးပဓာနနာယက ဒုတိယမြိုင်ကြီးငူဆရာတော် သီရိပျံချီဘဒ္ဒန္တဉာဏိက၊ ထော်ရွဲတိုက်ကျောင်းဆရာတော် ဘဒ္ဒန္တဥတ္တမအမှူးပြုသော ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးညီညီဇော်က ထီးဖိုးက လုံး-မြိုင်ကြီးငူ-မဲသဝေါလမ်းပိုင်း ပြင်ဆင်ထိန်းသိမ်းစရိတ် ငွေကျပ် ၈၀,၂၉၀,၀၀ဝိ/- (ရှစ်ရာ့နှစ်သိန်းကိုးသောင်းကျပ်) ကို ဒုတိယမြိုင်ကြီးငူဆရာတော်ထံ ဆက်ကပ်လှူဒါန်းကာ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် ကမ်းနီတိုက်ကျောင်း ဆရာတော်ဘဒ္ဒန္တဝိစာရထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေ ကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်အပေါင်းတို့က ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကာ ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)