မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက် အတွင်း၊ အပြင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား လိုက်လံကြည့်ရှုအားပေး

ချမ်းအေးသာစံ၊ ဖေဖော်ဝါရီ ၁၆

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါပြီး ယမန်နေ့ နံနက်ပိုင်းက  ချမ်းအေးသာစံမြို့နယ် မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက် အတွင်းအပြင်တွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။

စာသင်တိုက်သို့ရောက်ရှိစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တာဝန်ရှိသူများ အားစာသင်တိုက် အတွင်း၊ အပြင် အမြဲသန့်ရှင်းသပ်ရပ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးတို့ကို အလေးထားဆောင်ရွက်သွားရန်တို့ကိုမှာကြား၍ လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပြီး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။  

မန္တလေးတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၊ ဘုန်းကြီးကျောင်းများ၊ ဆေးရုံများ၊ အခြေခံပညာစာသင်ကျောင်းများ၊ တက္ကသိုလ်များ၌ သန့်ရှင်းသာယာလှပရေးတို့အတွက် တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထွန်းထွန်းနိုင်