ကျောက်ဆည်မြို့နယ်တွင် အခြေခံသမဝါယမအသင်းသားများ စိုက်ပျိုးထားသည့် နေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် ဖေဖော်ဝါရီ   ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသအတွင်းစားသုံးဆီ ဖူလုံပိုလျှံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အခြေခံသမဝါယမအသင်းသားများ စိုက်ပျိုးထားသည့် နေကြာသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။

ကျောက်ဆည်မြို့နယ်တွင် နေကြာသီးနှံများစိုက်ပျိုးရာ၌ အထွက်နှုန်းကောင်းမွန်ရေး ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တောင်သူများပူးပေါင်းကာ သိပ္ပံနည်းကျစိုက်နည်းစနစ်ဖြင့် ပြောင်းလဲစိုက်ပျိုးရေး ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် နေကြာတစ်ဧက စိုက်ပျိုးပါက မြေပြုပြင်ခြင်း၊ မျိုးစေ့ဖိုးနှင့်စုစုပေါင်း ခန့်မှန်းကုန်ကျငွေ ကျပ် ၅၄၄,၀၀၀ ကုန်ကျပြီး မြေအနေအထားနှင့် ရာသီဥတုအပေါ်မူတည်၍ တစ်ဧက ပျမ်းမျှအထွက်နှုန်း (၂၄) တင်းထွက်ရှိကြောင်း၊ ပြန်လည်ရောင်းချပါက နေကြာ(၁)တင်း ကျပ် ၇၀,၀၀၀ ရရှိသည့်အတွက် တောင်သူများအတွက်လည်း အကျိုးအမြတ်များရရှိကြောင်း နေကြာစိုက်တောင်သူများထံမှ သိရသည်။ 

ကျောက်ဆည်မြို့နယ်အတွင်းရှိ နေကြာစိုက်တောင်သူများအနေဖြင့် နေကြာသီးနှံများ စိုက်ရာ၌ သိပ္ပံနည်းကျ တန်းဆွဲစိုက်နည်းစနစ်ဖြင့် စိုက်ပျိုးသည့်အပြင် မိရိုးဖလာ ပက်ကြဲစိုက်နည်းစနစ်များဖြင့်လည်း စိုက်ပျိုးလျက်ရှိသည်။ သိပ္ပံနည်းကျစိုက်ပျိုးခြင်းသည် မိရိုဖလာစိုက်ပျိုးခြင်းထက် အထွက်နှုန်းပိုကာ အကျိုးအမြတ်ငွေပို၍ရရှိသည့်အတွက် တောင်သူများအနေဖြင့် သိပ္ပံနည်းကျ စိုက်နည်းစနစ်ဖြင့် ပိုမိုစိုက်ပျိုးလာကြောင်း၊ အခြေခံသမဝါယမအသင်း (၆၃) သင်းမှ အသင်းသားတောင်သူများ စိုက်ပျိုးထားသည့် နေကြာစိုက်ခင်းဧက စုစုပေါင်း ၅၀၂၆ ဧကရှိပြီး အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း  သိရသည်။   

သက်မောင်(ကျောက်ဆည်)