မန္တလေး ဖေဖော်ဝါရီ ၁၆
၂၀၂၄ ခုနှစ်တွင် ကျင်းပခဲ့သည့် ဓမ္မာစရိယနှင့်ပါဠိပထမပြန်စာမေးပွဲတို့၌ အောင်မြေသာစံမြို့နယ် ဖြေဆိုအောင်မြင်တော်မူကြသည့် စာအောင်ပုဂ္ဂိုလ်များအား မြို့နယ်ပရိယတ္တိ စာအောင်ဆု ထောက်ပံ့အဖွဲ့က အောင်လက်မှတ်နှင့်စာအောင်ဆု ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို အောင်မြေသာစံမြို့နယ်၊ ၆၂လမ်း၊ နန်းရှေ့ရှိ ခင်မကန်တိုက်၊ မဟာဝိဇယာရာ မဓမ္မဗိမာန်တော်၌ ယမန်နေ့ မွန်းလွဲတစ်နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ပင့်သံဃာတော်(၄၂)ပါး၊ စာအောင်သံဃာများနှင့် သီလရှင်(၄၃၂)ပါးတို့ ကြွရောက်တာ်မူကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းဇော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအသီးသီးတို့မှတာဝန်ရှိသူများ၊ မြို့နယ်ပရိယတ္တိစာအောင်ဆုထောက်ပံ့အဖွဲ့၊ မြို့နယ်အတွင်းရှိ ဘုရားများမှ ဂေါပကများ၊ အလှူရှင်များ တက်ရောက်ကြည်ညိုကြသည်။
အစီအစဉ်အရ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြကာ မန္တလေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တပညေသိကထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ကြပြီး မြို့နယ်ပရိယတ္တိ စာအောင်ဆုထောက်ပံ့အဖွဲ့ အကျိုးတော်ဆောင် ဆရာတော်ဘဒ္ဒန္တနန္ဒသာရက ဩဝါဒချီးမြှင့်သည်။ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးလှမိုးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တပညာသိရီဘိဝံသအရှင်သူမြတ်မှ စာအောင်ဆုချီးမြှင့်မည့် အစီအစဉ်များကို ရှင်းလင်းမိန့်ကြားသည်။
ဆက်လက်၍ ဓမ္မာစရိယစာအောင်အပါး(၅၀)၊ ပထမကြီးတန်းအောင် (၁၁)ပါး၊ ပထမလတ်တန်း အောင်(၂၆)ပါး၊ ပထမငယ်တန်းအောင်(၁၁၃)ပါးနှင့် အခြေပြုမူလတန်း အောင်(၂၃၂)ပါး၊ စုစုပေါင်း(၄၃၂)ပါးတို့အား တာဝန်ရှိသူများက စာအောင်လက်မှတ်များနှင့် နဝကမ္မအလှူငွေများ၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လောင်းလှူကြပြီး ဗုဒ္ဓသာသနံစိရံတိဠတု သုံးကြိမ်ရွတ်ဆို ဆုတောင်းကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။
မြင့်မော်ထွန်း