ညောင်ဦး ဖေဖော်ဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၏ အရှေ့မြောက်ဘက်ရှိ ပုပ္ပားတောင်သည် နှစ်သန်းပေါင်းများစွာက မီးတောင်ရှင်တစ်လုံးဖြစ်ခဲ့ပြီး မီးတောင်ပေါက်ကွဲစဉ် မီးတောင်ပြာများ၊ ချော်တုန်းချော်ခဲများ နှစ်ကာလကြာမြင့်လာချိန် အသွင်ပြောင်းလာရာမှ တန်ဖိုးမဖြတ်နိုင်သည့် ကျောက်ဆိုင်ကျောက်သားများဖြစ်လာကာ ကျောက်ပန်းတောင်းမြို့နယ် ကန်ပတ်လည်အုပ်စု၊ လဲဂွကျေးရွာ၊ လက်ပံအိုင်ကျေးရွာအနီး ဘူမိနယ်မြေ(၁၅) ဂဲမိုးအိုင်အဖြစ် သတ်မှတ်ထားသောနေရာကို လာရောက်လေ့လာနိုင်ကြောင်း ပုပ္ပားတောင်ဉယျာဉ်အုပ်ချုပ်ရေးမှူး ဦးတင်အုန်းကျော်ထံက သိရသည်။
ပုပ္ပားတောင်မကြီး တောင်ဘက်ခြမ်းရှိ ဂဲမိုးအိုင်ဒေသတဝိုက်တွင် ဘူမိသက်တမ်းအားဖြင့် မိုင်အိုဆင်းနှောင်းပိုင်းမှ ပလိုင်အိုဆင်း(လွန်ခဲ့သောနှစ်သန်းပေါင်း ၁၁.၅ သန်းမှ ၂ သန်း)အတွင်း သက်တမ်းရှိ ဧရာဝတီကျောက်လွှာစု၏ သဲကျောက်၊ သဲမှုန့်ကျောက်များအပြင် ဟိုလိုဆင်း(Holocene)သက်တမ်းရှိ မီးတောင်ချော်မှုန့်ကျောက်များပေါ်ထွက်လျက်ရှိကြောင်း လေ့လာတွေ့ရှိနိုင်သည်။ ဂဲမိုးအိုင်သည် ထူးခြားသည့် ဘူမိရုပ်သွင်နေရာတစ်ခုဖြစ်ပြီး ဖြစ်စဉ်အားဖြင့် ပုပ္ပားမီးတောင်ပေါက်ကွဲစဉ်အခါက ထွက်ပေါ်လာသည့်သည့် ချော်မှုန့်များ အေးခဲလာရာမှ ဖြစ်ပေါ်လာသော လပီလီချော်မှုန့်ကျောက် (Lapilli Tuff) များကို ထည်လဲချောင်းရေ လျင်မြန်စွာ ဝေ့ဝှိုက်တိုက်စားမှုကြောင့်လည်းကောင်း၊ တိုက်စားကျင်းပေါက်များအတွင်း ရေသယ်ဆောင်ကျောက်များ ဝင်ရောက်နေရာယူပြီး အိမ်ခံမီးတောင်ကျောက်များအား တိုက်စားခံရခြင်းကြောင့်လည်းကောင်း ကျောက်စိုင်ကျောက်သားများပေါ်တွင် ရေကန်ကျယ်ပုံဖြစ်လာကာ ဒေသခံများက ဂဲမိုးအိုင်အဖြစ်ခေါ်ဝေါ်ခဲ့ရာမှ ဂဲမိုးအိုင်ဖြစ်ပေါ်လာကြောင်း သိရသည်။
မီးတောင်ကျောက်များတိုက်စားခြင်းနှင့် တိုက်စားခံ သွင်ပြင်လက္ခဏာသာဓကများအနေဖြင့် လက်ငါးချောင်းပုံသဏ္ဍာန်အိုင်၊ ကျောက်ခဲကြီး ကျောက်သားစိုင်ကြီးအုပ်မိုးထားသည့် ဂဲမိုးအိုင်၊ စက်ဝိုင်းပုံ(သို့)စလင်ဒါကျောက်အိုးတွင်းများ(Portholes)၊ ကျောက်ခဲတစ်စို့နေသည့် ပုံသဏ္ဍာန်အိုင်(ခဲတစ်လုံးစို့အိုင်)နှင့် ရေဖြတ်သန်းစီးဆင်းရာ ချောက်ကမ်းပါးကျောက်လျှိုမြောင် အစရှိသည်တို့ကို လာရောက်လေ့လာတွေ့ရှိနိုင်ကြောင်း၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)မှလည်း ခရီးစဉ်ဒေသတစ်ခုအဖြစ် ပြည်တွင်းပြည်ပခရီးသွားများ လာရောက်လေ့လာနိုင်ရန် ကွင်းဆင်းဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။
ဒီပါလင်း