ချမ်းအေးသာစံ ဖေဖော်ဝါရီ ၁၅
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ အင်းဝမြို့ဟောင်းရှိ လောကသရဖူ ဘုရားကြီး၊ မဟာဇေယျပထ-မောင်အိုတံတားနှင့် အုတ်လမ်း၊ အင်းဝမြို့ဟောင်း ဒုတိယမြို့ရိုး (စည်တိုပုံမြို့ရိုး)ကျုံး တို့အား ရှေးမူမပျက် ရေရှည်ပြုပြင်ထိန်းသိမ်းနိုင်ရေးနှင့် လေ့လာ ဆန်းစစ်သုံးသပ်နိုင်ရေး ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီလ (၁၄) ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနများမှ တိုင်းဦးစီးမှူးများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲ အင်းဝမြို့ဟောင်းသို့ လာရောက်သည့် ခရီးစဉ်၌ လမ်းညွှန်မှာကြားချက်များအပေါ် လုပ်ငန်းများ အောင်မြင်စွာအကောင်အထည် ဖော်ဆောင်ရွက်ရန်၊ လောကသရဖူဘုရားကြီး၊ မဟာဇေယျပထ- မောင်အိုတံတားနှင့် အုတ်လမ်း၊ အင်းဝမြို့ဟောင်း ဒုတိယမြို့ရိုး(စည်တိုပုံမြို့ရိုး)ကျုံး တို့အား ရှေးမူမပျက်ရေရှည်ပြုပြင်ထိန်းသိမ်းနိုင်ရေးနှင့် လေ့လာဆန်းစစ်သုံးသပ်နိုင်ရေး ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးဖြစ်ပါကြောင်း၊ ကဏ္ဍအလိုက်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကဏ္ဍများခွဲ၍ ဖွဲ့စည်းတာဝန်ပေးထားပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် အဓိကကဏ္ဍတွင်ပါဝင်ပြီး လုပ်ငန်းများ မြန်ဆန်ပြည့်စုံပြီးမြောက် အောင်မြင်နိုင်ရေး ဆက်နွယ်ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ အချက် အလက်မှန်ကန်တိကျစွာဖြင့် စနစ်တကျပြုစုကာ အချိန်နှင့်တစ်ပြေးညီ တင်ပြသွားရေးကို အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
၎င်းနောက် ဖွဲ့စည်းတာဝန်ပေးထားသည့် အဖွဲ့များမှအဖွဲ့ခေါင်းဆောင်များဖြစ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများကကဏ္ဍများအလိုက် ဆောင်ရွက်မည့်လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးပြီးနောက် ဌာနဆိုင်ရာတိုင်းဦးစီးမှူးများက လုပ်ငန်းဆောင်ရွက်နေမှုများနှင့်ဆက်လက် ဆောင်ရွက်မှုအစီအမံများ၊ ကြုံတွေ့နိုင်မည့်အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးချက်များနှင့် ရှင်းလင်းတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်