ရတနာပုံတက္ကသိုလ်၌ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၁/၂၀၂၅) သင်တန်းဆင်းပွဲနှင့် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

အမရပူရ ဖေဖော်ဝါရီ ၁၅

အမရပူရမြို့နယ်ရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်တွင် မန္တလေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ရတနာပုံတက္ကသိုလ်ကြက်ခြေနီ(အသင်းခွဲ)တို့ ပူးပေါင်း၍ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၁/၂၀၂၅) သင်တန်းဆင်းပွဲနှင့် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များ၊ ‌ပါမောက္ခ(ဌာနမှူး)များ၊ မန္တလေးတိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာသိန်းထွန်းဆောင်နှင့် ကော်မတီဝင်များ၊ မန္တလေးတိုင်းကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်နှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် နည်းပြ ဆရာ၊ ဆရာမများ၊ ရတနာပုံတက္ကသိုလ်ကြက်ခြေနီ(အသင်းခွဲ)ဥက္ကဋ္ဌ ဒေါက်တာဒေါ်သန်းအေးနှင့် အသင်းဝင်များ၊ တက္ကသိုလ်ကြက်ခြေနီ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တက္ကသိုလ်ကြက်ခြေနီ မောင်/မယ်များက "တို့ကြက်ခြေနီ" သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်သည်။ ထို့နောက် ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက နှုတ်ခွန်းဆက်စကားနှင့် ဂုဏ်ပြုစကားပြောကြားခဲ့ပြီး မန္တလေးတိုင်း ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာသိန်းထွန်းဆောင်က သင်တန်းဆင်းအမှာစကားပြောကြားကာ သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ဆုချီးမြှင့်ပွဲကိုကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာက ရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၁/၂၀၂၅)မှ ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်သည်။ ထို့နောက် ရတနာပုံတက္ကသိုလ်ကြက်ခြေနီ(အသင်းခွဲ)ဥက္ကဋ္ဌ ဒေါက်တာဒေါ်သန်းအေးက မန္တလေးတိုင်းကြက်ခြေနီကြီးကြပ်မှုကော်မတီသို့ ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့ပြီး ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အဆိုပါ ရှေးဦးပြုစုခြင်းအခြေခံသင်တန်း(၁/၂၀၂၅)ကို ဇန်နဝါရီ ၂၂ ရက်မှ ၂၄ ရက်အထိ ဖွင့်လှစ်သင်ကြားပို့ချခဲ့ပြီး သင်တန်းသား ၂၀၁ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)