မိုင်းယုမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် တားဆီးနိုင်ရန် ဟိုခိုတံတားအနီးတွင် ကျန်းမာရေးစစ်ဆေးရေးဂိတ် ထားရှိ၍ စတင်စစ်ဆေး

 

မိုင်းယု ဒီဇင်ဘာ ၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရန်အတွက်  ယနေ့ နံနက် ၇ နာရီက တာကြန့်ကျေးရွာရှိ ဟိုခိုတံတားအနီး၌ ကျန်းမာရေး စစ်ဆေးရေး ဂိတ်ဖွင့်လှစ်ကာ စတင်ကျန်းမာရေးစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေလျက်ရှိသည်။

အဆိုပါ စစ်ဆေးမှုတွင် မြို့ကိုဗစ်-၁၉ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဉက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုး၏ ကြီးကြပ်မှုဖြင့် ကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ကျန်းမာရေး၊ ထွေ/အုပ်၊ ရဲတပ်ဖွဲ့၊ လ.ဝ.က၊ မီးသတ်နှင့် ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးတို့က ပူးပေါင်းပြီး ဟိုခိုတံတားအနီး ကျန်းမာရေးစစ်ဆေးဂိတ်၌ မိုင်းယုဒေသသို့ ဝင်ရောက်လာကြသည့် ယာဉ်မောင်းများ၊ ခရီးသည်များနှင့် ခရီးသွား ပြည်သူများကို ခရီးသွားရာဇဝင် ကောက်ခံခြင်း၊ လက်ဆေးခြင်းနှင့် ကိုယ်အပူချိန်တိုင်းတာခြင်းများအား စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

ယင်း ကျန်းမာရေးစစ်ဆေးဂိတ်၌ စစ်ဆေးမှုများကို နေ့စဉ် နံနက် ၇ နာရီအချိန်မှ ည ၉ နာရီ အချိန်အထိ ကော်မတီအဖွဲ့ဝင်များက စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီဖွဲ့ထံမှ သိရသည်။

 

ကိုကိုနိုင်(ပြန်/ဆက်)