လှိုင်းဘွဲ ဖေဖော်ဝါရီ ၁၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် သာသနာ့ဝေပုလ္လအသင်းကြီး၏ (၇၈) ကြိမ်မြောက် ပရိယတ္တိစာပြန်ပွဲတော်၊ ဓမ္မစကြာရွတ်ဆိုပူဇော်ပွဲ၊ ဓမ္မပူဇာဆက်ကပ်လှူဒါန်းပွဲနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခြင်း အလှူတော်မင်္ဂလာအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က ကော့ဝန်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နာမောတဿသုံးကြိမ် ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ကွမ်ဘီကျောင်း ဆရာတော် ဥူးဝိသုဒ္ဓါစာရထံမှ ငါးပါးသီလခံယူခြင်း၊ ပရိတ်တရားတော်များ ချီးမြှင့်ခြင်းနှင့် ဩဝါဒတရားချီးမြှင့်တို့ကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် သာသနာ့ဝေပုလ္လအသင်း အကျိုးတော်ဆောင် အရှင်အဂ္ဂဝံသနှင့် မဲဆမိတ်ကျောင်းဆရာတော်ဘဒ္ဒန္တစန္ဒရတို့က အမှာစကားမိန့်ကြားခဲ့ပြီးနောက် လှိုင်းဘွဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဗိုလ်မှူးဇော်ရှိန်းအောင်က သာသနာရေးရာများကို လျှောက်ထားတင်ပြခြင်း၊ မြို့နယ်သာသနာ့ဝေပုလ္လ အသင်းဥက္ကဋ္ဌ ဦးစောဖားကလူးက ဝမ်းမြောက်ကြောင်းစကား ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ဓမ္မပူဇာ ဆက်ကပ်လှူဒါန်းခြင်း၊ ကွမ်ဘီကျောင်းဆရာတော်မှ အနုမောဒနာတရား ချီးမြှင့်ခြင်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၈)ကြိမ်မြောက် ပရိယတ္တိစာပြန်ပွဲတော်နှင့် ဓမ္မစကြာရွတ်ဆိုပူဇော်ပွဲကို လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ပရိယတ္တိစာပြန်သံဃာ (၅၇၆) ပါး၊ ဓမ္မစကြာအဖွဲ့ (၆၆) ဖွဲ့တို့က ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှ (၁၂) ရက်နေ့အထိ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။
စောဒိ(ပြန်/ဆက်)