လိပ်သိုမြို့၌ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင် ပြသ

လိပ်သို ဖေ​ဖော်ဝါရီ ၁၃

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျရောက်သည့်  (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ရှိ ဒေသနေ ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများအား ပြည်ထောင်စု အမွေအနှစ်ကို  ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန်မှာ တိုင်းရင်းသားပြည်သူအားလုံးတို့၏ တာဝန်ပင်ဖြစ်ကြောင်း သိရှိနိုင်စေရန်အတွက် “(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့” အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့ဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်း ကောက်နုတ်ချက်များ၊ ပင်လုံစာချုပ်ချုပ်ဆိုရာတွင် ပါဝင်ခဲ့ကြသူများ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့် ပင်လုံစာချုပ်အကြောင်း၊ “(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့” အထိမ်းအမှတ် ဂုဏ်ပြုကဗျာများနှင့် ကာတွန်းများ စသည့် အသိပညာပေး အကြောင်းအရာများကို ပြသထားရာ ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများက ကြည့်ရှုလေ့လာမှတ်သားခဲ့ပြီး သိရှိလိုသည်များအား မေးမြန်းခဲ့ရာ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတ တိုးပွားစေရန်အတွက် လစဉ်အခါ အားလျော်စွာ အသိပညာပေး နံရံကပ်စာစောင်များကို ပြသဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (ပြန်/ဆက်)