ဘားအံ ဖေဖော်ဝါရီ ၁၁
ဘားအံတက္ကသိုလ်တွင် ကျောင်းသား၊ကျောင်းသူများ ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်များ အစဉ်ကိန်းအောင်းရှင်သန်နေစေရေး၊ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးရေးနှင့် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် လှယျဉ်ကျေးမယ် ပြိုင်ပွဲနှင့် ပဒေသာကပွဲကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက ဘားအံတက္ကသိုလ် ငုရွှေဝါခန်းမ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးစောထွန်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး ဘားအံတက္ကသိုလ်အနုပညာအသင်းမှ ကျောင်းသား၊ ကျောင်းသူများက တို့တက္ကသိုလ် တေးသီချင်းဖြင့် (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုကြကာ လှယဉ်ကျေးမယ်ပြိုင်ပွဲ ပထမအဆင့်၊ ဒုတိယအဆင့်နှင့် ဆန်ကာတင်အဆင့်တို့ကို ကျင်းပသည်။
ထိုသို့ လှယဉ်ကျေးမယ်ပြိုင်ပွဲကို ကျင်းပနေစဉ်အတွင်း ဘားအံတက္ကသိုလ်အနုပညာအသင်းနှင့် အထူးပြုဘာသာရပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူများက ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်၊ ရှမ်းတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု တေးသရုပ်ဖော်အကအလှများဖြင့် သီဆိုကပြ ဖျော်ဖြေကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဘားအံတက္ကသိုလ် ဒုတိယပါမောက္ခချုပ်က ဒိုင်အဖွဲ့နှင့်အလှယ်မယ်နည်းပြတို့အား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဒုတိယပါမောက္ခချုပ်များက လှယဉ်ကျေးမယ်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိကြသူများနှင့် တတိယ၊ ဒုတိယဆုရရှိကြသူများကိုလည်း ကောင်း၊ ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာ စိုးစိုးအေးက လှယျဉ်ကျေးမယ်ပြိုင်ပွဲတွင် ပထမဆုရရှိသူအား ဆုတံဆိပ်နှင့်ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)