ဘားအံ ဖေဖော်ဝါရီ ၁၁
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး မြို့ပတ်တာဝေးအပြေးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၆ နာရီက ဘားအံမြို့၊ အမှတ် (၄) ရပ်ကွက်၊ သီရိကွင်းမုခ်ဦးရှေ့၌ ကျင်းပသည်။
အဆိုပါပြိုင်ပွဲတွင် အမျိုးသား ၁၁၂ ဦး၊ အမျိုးသမီး ၅၄ ဦး စုစုပေါင်း ၁၆၆ ဦးဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးစောထွန်အောင်က ပြိုင်ပွဲအားသေနတ်ပစ်ဖောက် တာလွတ်ပေးခဲ့ရာ ပြိုင်ပွဲဝင်များက သီရိလမ်း၊ ဆေးရုံလမ်း၊ တန်းမြင့်ကျောင်းလမ်း၊ ဗိုလ်ချုပ်လမ်း၊ အဓိပတိလမ်း၊ ထ-၄ ကျောင်းလမ်းမှတစ်ဆင့် သီရိလမ်းအတိုင်း စတင်တာလွတ်ရာ သီရိကွင်းမုခ်ဦးရှေ့သို့ မိုင်အားဖြင့် ၆ မိုင်ခန့်အား ပြန်လည်ပန်းဝင်လာကြရာ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများနှင့်အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။
ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက အမျိုးသမီပြိုင်ပွဲတွင် နှစ်သိမ့်ဆု ၃၀ မှ ၆ ထိ ရရှိကြသူများ၊ အသက်အကြီးဆုံးပြိုင်ပွဲဝင် (၅၃) နှစ်နှင့် အသက်အငယ်ဆုံးပြိုင်ပွဲဝင် (၁၁) နှစ်တို့အား ဂုဏ်ပြုဆုများကိုလည်းကောင်း၊ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထနှင့်ပဉ္စစမဆုရရှိကြသူများကို ငွေသားဆုနှင့်ဆုဖလားများကိုလည်းကောင်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များက အမျိုးသားပြိုင်ပွဲတွင် နှစ်သိမ့်ဆု ၃၀ မှ ၆ ထိ ရရှိကြသူများကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်းက အသက် အကြီးဆုံး ပြိုင်ပွဲဝင် (၇၈) နှစ်နှင့် အသက်အငယ်ဆုံးပြိုင်ပွဲဝင် (၁၁) နှစ်တို့အား ဂုဏ်ပြုဆုများနှင့် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထနှင့်ပဉ္စစမဆုရရှိကြသူများအား ငွေသားဆုနှင့်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆုချီးမြှင့်ပွဲအပြီးတွင် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များက အသက်အကြီးဆုံးပြိုင်ပွဲဝင် (၇၈) နှစ် အဘိုးဦးထွန်းသိန်းအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြကာ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများအနေဖြင့် ထုတ်ဆီးထိုးပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)