ချမ်းအေးသာစံ ဖေဖော်ဝါရီ ၁၁
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းအေးသာစံအရှေ့ရပ်ကွက်၊ အကွက် ၅၉၃၊ ၂၈×၂၉ လမ်းကြား၊ ၈၁×၈၂ လမ်းကြား၊ ရတနာဝင်းအတွင်း ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ် အချိန်က ဆောက်လက်စအဆောက်အဦအား ဝရိန်ဆော်ရာမှတစ်ဆင့် ဝါယာရှော့ဖြစ်၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုအား တိုင်းဒေသကြီးမီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း ဦးစီးပြီး မီးသတ်တပ်ဖွဲ့ဝင် သန္ဓေ ၃၀ ဦး၊ အရန် ၄၀ ဦး၊ မီးသတ်ယာဉ် ၇ စီး၊ ရေသယ်ယာဉ် ၃ စီး၊ အုပ်ချုပ်မှုယာဉ် ၁ စီး တို့ဖြင့် ငြှိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၄၀ မိနစ် အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်မှုဖြစ်ပွားရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ ရောက်ရှိစစ်ဆေးခဲ့ရာ ဦးသန်းထွေးနေအိမ်တွင် ဆောက်လက်စအဆောက်အဦအား ဝရိန်ဆော်ရာမှတစ်ဆင့် ဝါယာရှော့ဖြစ်၍ မီးလောင်ကျွမ်းခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် နေအိမ်အပေါ်ထပ် ရှေ့မျက်နှာစာ မီးလောင်ဆုံးရှုံးခဲ့ကာ လူနှင့်တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်း သိရသည်။
ထွန်းထွန်းနိုင်